Myanmar
ကင်းမုံသီးသနပ်
ကင်းမုံသီးနှံပေါ်ချိန်မှာ အချဉ်တည်ပြီး ကြာရှည်ခံသိမ်းဆည်း၍ စားလို့ရနိုင်မယ့်
ကင်းမုံသီးသနပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကင်းမုံသီး၊ မျှစ်ပြုတ်၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ၊ ဆီသပ်ရွက်၊ ဇီယာအမှုန့်၊ နံနံစေ့အမှုန့်၊ မဆလာ၊ အရောင်တင်မှုန့်၊ ဆီ၊ ဗီနီကာ၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား တို့ လိုအပ်ပါမယ်။
ပထမဆုံး ကင်းမုံသီးကို ရေဆေးသန့်စင်ပြီး ဓားဖြင့် အရှည်လိုက်လှီးဖြတ်ထားကာဆားဖြင့်နယ်၍ ရေစင်အောင်ဆေးကာ ရေညှစ်ထားပါ။
ပြီးလျှင် အိုးတစ်လုံးတွင်ဆား၊ သကြား၊ ဗီနီကာတို့ကိုထည့်၍ မွှေလိုက်ပါ။ ပြီးနောက် ရေညစ်ထားသော ကင်းမုံသီးနှင့် မျှစ်ပြုတ်ကိုထည့်၍ မီးဖိုပေါ်တင်ပြီး တည်လိုက်ပါ။ ပြီးနောက် ဟင်းခပ်မှုန့်ထည့်လိုက်ပါ။
ထွက်လာသောရေများ ခမ်းလာသည်ထိ မွှေပေးပါ။ အရသာအပေါ့အငန်မြည်းပြီး လိုအပ်ပါက ထပ်မံဖြည့်စွက် ပေးပါ။
ဒယ်အိုးတစ်ခုတွင်ဆီကိုထည့်၍ မီးအေးအေးဖြင့် အပူပေးပြီး ဆီသပ်ရွက်၊ ဇီယာအမှုန့်၊ နံနံစေ့အမှုန့်၊ မဆလာ၊ အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသပ်ပေးပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ ငရုတ်သီးထည့်ပြီး မီးဖိုမှချကာ ကင်းမုံသီးအိုးထဲသို့ လောင်းထည့်ကာ သမအောင်မွှေပေးပါ။
နောက်ဆုံးမှ အရသာအပေါ့အငံမြည်းပြီး အအေးခံကာခြောက်သွေ့သော ပုလင်းသန့်သန့်တွင် ဆီဖုံးအောင်ထည့်၍ အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာတွင် ထားကာ ထမင်းစားတိုင်း လိုအပ်သလောက်ဖြင့် တည်ခင်းသုံးဆောင်နိုင်ပါတယ်။