Myanmar
သရက်သီးသုပ်
သရက်သီးပေါ်ချိန်လည်းဖြစ် နွေကာလလည်းဖြစ်တဲ့အတွက်ကြောင့် အိမ်တွင် မိသားစုဆုံတုန်းလေး ထမင်းမြိန်စေမည့်
သရက်သီးသုပ်နည်းလေးကို တင်ပြေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ သရက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲထောင်း၊ ပဲကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးလှော်မှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး သရက်သီးကို ဓားကောင်းကောင်းလေးဖြင့် ပါးပါးနှင့် ခပ်သေးသေးလှီးထားပါ။ ပြီးလျှင် ရေဆေးပြီး ဆားအနည်းငယ်ဖြင့် ၃ မိနစ်ခန့်ရေစိမ်ထားပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ပါးပါးလှီးပြီး နနွင်းမှုန့်လေးဖြူးပြီး ဆီချက် ချက်ထားပါ။ မြေပဲလှော်ပြီးသားကို ထောင်းထားပါ။ ပုစွန်ခြောက်အကောင်ကိုလည်း အမှုန့်ရအောင် ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေစစ်ထားပါ။
အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင် သရက်သီးကို ရေကုန်စင်အောင်ညှစ်ထုတ်ပြီး ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပဲကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးလှော်မှုန့်တို့ဖြင့် ရောနယ်ပါ။ အရသာကိုလည်း လိုအပ်သလိုထည့်ပြီး အသုပ်ကို ခပ်ဖွဖွလေးနှံ့အောင် နယ်ပေးပါ။
ပြီးလျှင်တော့ အရသာ ချဉ်ဆိမ့်လေးနဲ့ အရသာတစ်မျိုးထူးတဲ့ သရက်သီးသုပ်ကို ထမင်းပူပူနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။