Myanmar
ခရမ်းသီးထောင်း
ခရမ်းသီးကို နှပ်တာပဲဖြစ်ဖြစ်၊ မီးကင်ပြီး သုပ်စားတာဖြစ်ဖြစ် လုပ်စားကြသလို ဒီကနေ့တော့
ရှမ်းစတိုင်လေးနဲ့ သက်သတ်လွတ်သဘောလေးဖြစ်သွားအောင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ခရမ်းသီးထောင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ခရမ်းသီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ရှမ်းပဲပုပ်၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ဆား၊ ကြက်သွန်နီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ခရမ်းသီးကို ရေဆေးသန့်စင်ပြီး ထက်ခြမ်းခြမ်း၍ မီးကင်လိုက်ပါ။
ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်ဖြူကိုလည်း ဒယ်အိုးထဲထည့်ပြီး လှော်ပေးထားပါ။
ကြက်သွန်နီကို ပါးပါးလှီး၍ ရေဆေးပြီး ဇကာဖြင့် ရေစစ်ထားပါ။
ပြီးနောက် ရှမ်းပဲပုပ်ကို မီးကင်ထားပါ။
အဆင်သင့်ဖြစ်ပြီဆိုလျှင် မီးကင်ထားသော ခရမ်းသီးရဲ့ အတွင်းသားကို ဇွန်းဖြင့် ခြစ်ယူထားပါ။
ပြီးရင်တော့ ငရုတ်ဆုံတွင် ရှမ်းပဲပုပ်ကို ညက်နေအောင်ထောင်းပြီးဖယ်ထားပါ။
ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ညက်သွားပါက ခရမ်းသီးကို ထည့်ထောင်းပေးပါ။
ပြီးနောက် ဆား၊ ထောင်းထားတဲ့ ရှမ်းပဲပုပ်ထည့်ပြီး သမအောင်ထောင်းပါ။ ပြီးလျှင် အပေါ့အငန်မြည်းကြည့်ပါ။
အားလုံးပြီးပြီဆိုလျှင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်နီ၊ ရှမ်းနံနံနှင့် ဖက်ဖယ်ရွက်တို့ကို ပါးပါးလှီးထည့်ကာ သမအောင်မွှေပြီး ထမင်းပူပူလေးဖြင့် တွဲဖက်စားလိုက်ရင်ဖြင့် အရသာရှိသွားမှာ အသေအချာပါပဲ။