Myanmar
ပြောင်းဖူးဟင်းချို
ပြောင်းဖူးစားရတာ ကြိုက်နှစ်သက်သူများအတွက် ပြောင်းဖူးဟင်းချိုလေးကို
ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာ လွယ်လွယ်ကူကူ တွေ့နိုင်သလို ကိုယ့်အိမ်မှာလည်း ကိုယ်တိုင် လွယ်လင့်တကူ ချက်ပြုတ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပြောင်းဖူး၊ ကြက်ရိုး၊ ပြောင်းဖူးမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ကြက်ဥအကာ၊ သကြား တို့ လိုအပ်ပါတယ်။
ပထမဆုံး ပြောင်းဖူးကို အိုးထဲထည့်ပြီး ပြုတ်ထားပါ။ ပြီးနောက် ကြက်ရိုးကိုလည်း ရေစင်အောင်ဆေးကြောပြီး ပြုတ်ထားပါ။
ပြောင်းဖူးပြုတ်ပြီးလျှင် အအေးခံပြီး ပြောင်းဖူးကို ဓားဖြင့် ခပ်ပါးပါးဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးနောက် လှီးထားသော ပြောင်းဖူး၊ မုန်လာဥနီကို ကြက်ရိုးပြုတ်ရည်ထဲထည့်ပြီး ရေပွက်ပွက်ဆူအောင်ထည့်ပေးပါ။
ဆူလျှင်တော့ ဆား၊ သကြားတို့ထည့်ပြီး အရသာကို မြည်းကြည့်ပါ။ အရသာအဆင်ပြေလျှင်တော့ ပြောင်းဖူးမှုန့်ကို ရေနှင့်ဖျော်ပြီး ထည့်လိုက်ပါ။
နောက်ဆုံးမှ ပြုတ်ထားသောအိုးထဲသို့ ကြက်ဥအကာကိုထည့်ပြီး မွှေလိုက်ပါ။ သုံးဆောင်တော့မည်ဆိုပါက အပေါ်မှ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းလေးကို အပေါ်ယံဖြူးပြီးလျှင်တော့ အရသာရှိတဲ့ ပြောင်းဖူး ဟင်းချိုလေးကို လူကြီးများနှင့် ကလေးများ အသင့်သုံးဆောင်နိုင်ပါတယ်။