Myanmar
ထမင်းမြိန်စေမည့် ဝက်သားချဉ်နှင့်ကြက်ဥကြော်
ထမင်းမြိန်စေမည့်အပြင် လူကြီးများခံတွင်းတွေ့စေမည့် ၀က်သားချဉ်နှင့် ကြက်ဥကြော်နည်းလေးကို
ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်သားချဉ်၊ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ၀က်သားချဉ်ကို လှီးပြီး ချေပေးထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန် ဖြူကို အခွံခွာပြီး လှီးဖြတ်ပေးထားပါ။
ပြီးနောက် ငရုတ်သီးစိမ်းကို အလယ်မှ ထက်ခြမ်းခြမ်း၍လှီးကာ နံနံပင်၊ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့်လှီးထားပါ။
ပြီးရင်တော့ ဒယ်အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်ထည့်၍ အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုဆီသတ်ပေးပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ အနည်းငယ်နွမ်းလာလျှင် ဝက်သားချဉ်တွေထည့်ကြော်ပေးပါ။
ပြီးနောက် ပဲငံပြာရည်၊ သကြား ၊ ဟင်းခတ်မှုန့်တို့ထည့်၍ အရသာအပေါ့အငန်မြည်းကြည့်ပါ။
ပြီးရင်တော့ ငရုတ်သီးစိမ်း ခွဲခြမ်းတွေထည့်ကြော်ပါ။
ပြီးနောက် ခေါက်ထားတဲ့ကြက်ဥကိုလောင်းချပြီး မွှေပေးပါ။ပြီးရင် ရေလေးအနည်းငယ်စွတ်ရုံလေးထည့်လိုက်ပါ။
နောက်ဆုံးမှ လက်တဆစ်ခန့် လှီးထားတဲ့ကြက်သွန်မြိတ်လေးတွေကို အပေါ်မှ အုပ်ပြီးရင်တော့ အရသာရှိပြီး ထမင်းစားမြိန်စေမည့် ဝက်သားချဉ်နှင့်ကြက်ဥကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။
WWH