Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


Foodpanda ရဲ့ ခြေလှမ်းများ

Foodpanda Asia ရဲ့ CEO ဖြစ်သူ Jakob Angele က တရုတ်ပြည်မှအပဖြစ်သော အာရှဒေသရဲ့ အကြီးမားဆုံး အစားအသောက်ပို့ ကွန်ရက်ကို ကပ်ရောဂါဘေးကာလတစ်လျှောက်

စီမံဆောင်ရွက်နေပုံများကို ရှင်းပြခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေစိုက် Delivery Hero ရဲ့ အရှေ့တောင်အာရှအတွက် လုပ်ငန်းခွဲဖြစ်သော Foodpanda ဟာ အာရှမှာ (တရုတ်ပြည်မှအပ) အကြီးမားဆုံး အစားအသောက်ပို့ အက်ပ် အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် တိုးချဲ့လုပ်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ရာ မီးဖိုချောင်ချက်ပြုတ်ရေးအတွက် စားသောက်ကုန်များ ပေးပို့တဲ့ ကဏ္ဍကို လုပ်ကိုင်သွားမှာ ဖြစ်ပြီး အာရှ-ပစိတ်ဖိတ်ဒေသအတွက် ချဲ့ထွင်သွားမယ်လို့ ဆိုပါတယ်။
“ကိုဗစ်ကာလမှာသာ မက ကိုဗစ်မတိုင်ခင် နှစ်များကတည်းက တစ်နှစ်ထက်တစ်နှစ် ဆတိုးကြီးထွားနှုန်းကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်” လို့ သူက ပြောပြပါတယ်။


တရုတ်ပြည်မှအပ အာရှဒေသအတွက် Foodpanda က စင်ကာပူအခြေစိုက် လုပ်ကိုင်လျက် ရှိပြီး အစားအသောက်ပေးပို့တဲ့လုပ်ငန်းကဏ္ဍမှာ ဦးဆောင်နေရာသို့ ရောက်ရှိလာခဲ့ပါတယ်။
လက်ရှိအနေအထားမှာ Foodpanda ရဲ့ ပြိုင်ဘက်တွေက တက္ကဆီလုပ်ငန်းမှ အစားအသောက်နဲ့ စားသောက်ကုန် ပေးပို့တဲ့လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်လာကြတဲ့ Grab Holdings Inc., ၊ Gojek နဲ့ Deliveroo Plc တို့ ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ ဆိုင်ထိုင်စား ပိတ်ပင်မှုများနဲ့ စားသောက်သူတွေက ပိုးကူးစက်ခံရမှာ စိုးရိမ်လို့ အပြင်ထွက် မစားကြတော့ပဲ အိမ်အရောက်ပို့ မှာယူစားသောက်ကြတဲ့ အကျင့်ပုံစံ ပြောင်းလဲသွားခဲ့ပြီး စားစရာပေးပို့တဲ့ လုပ်ငန်းဈေးကွက် အကျိုးဖြစ်ထွန်းလျက် ရှိပါတယ်။

Delivery Hero အနေဖြင့် ယခုနှစ်မှာ ဝင်ငွေ ပိုတိုးဖို့ မျှော်မှန်းထားပြီး အာရှဈေးကွက်များထဲသို့ ထိုးဖောက် ဝင်ရောက်ပါတယ်။
Delivery Hero က တောင်ကိုရီးယားမှာ Yogiyo အမည်ဖြင့် အစားအသောက်ပို့ အက်ပ်ကို လုပ်ကိုင်ခဲ့ပြီး ဒုတိယအကြီးမားဆုံး အစားအသောက်ပို့ အက်ပ် အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ စားသောက်ဆိုင်ငယ်တေအပေါ် မျှမျှတတ လုပ်ကိုင်ခဲ့ခြင်း မရှိတဲ့အတွက် ၂၀၂၀ ခုနှစ် ဇွန်လမှ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၈၂,၀၀ ပြစ်ဒဏ် ချမှတ်ခံရပါတယ်။
တောင်ကိုရီးယားမှာ ပြိုင်ဘက် Woowa Brothers Corp ရဲ့ အစုရှယ်ယာများကို ၈၇ % ဝယ်ယူပြီး ထိန်းချုပ်ထားပါတယ်။ Woowa Brothers Corp က တောင်ကိုရီးယားမှာ အကြီးမားဆုံး အစားအသောက်ပို့အက်ပ်ဖြစ်တဲ့ Baedal Minjok (ခေါ်) Baemin ကို ပိုင်ဆိုင်လုပ်ကိုင်ပါတယ်။
အခုလို ပထမနဲ့ ဒုတိယ အကြီးဆုံး စားစရာပို့ အက်ပ်တွေကို လုပ်ငန်းတစ်ခုတည်းက ထိန်းချုပ်ထားလိုက်တာကြောင့် အစားအသောက်ပို့ အက်ပ် လောကမှ အပြိုင်အဆိုင် မရှိသလောက် ဖြစ်သွားပြီး
Delivery Hero က ဈေးကွက်ဝေစု ၉၈% အထိ ရရှိသွားတယ်လို့ ခန့်မှန်းကြပါတယ်။

Delivery Hero က အာရှမှာ တည်ရှိနေတဲ့ လူသိနည်းတဲ့ ကုန်လှောင်ရုံလုပ်ငန်းတွေထဲမှ ကုန်စိမ်း၊ စားသောက်ကုန်နဲ့ အိမ်သုံး အသုံးအဆောင်ပစ္စည်း သိုလှောင်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ကုန်စိမ်းနဲ့ စားသောက်ကုန် အိမ်တိုင်ရာရောက် ပို့ဆောင်တဲ့ လုပ်ငန်းကို Pandamar အမည်ဖြင့် အာရှ ရှစ်နိုင်ငံမှာ လုပ်ကိုင်ပြီး ဂျပန်၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ ယခုနှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်။

နိုင်ငံအချို့မှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် Foodpanda ကို သပိတ်မှောက်ကြတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ယခုနောက်ဆုံး ဖြစ်ပွားခဲ့တာကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားသူများ ဆန္ဒပြသတာမှာ ပါဝင်ခဲ့တဲ့ Foodpanda အပို့သမားတွေကို အရေးယူမှာဖြစ်ပြီး အလုပ်ထုတ်ပစ်မယ်လို့ ကြေညာလိုက်တာကြောင့် Foodpanda ကို သပိတ်မှောက်လိုက်ကြပါတယ်။ Foodpanda အဖို့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။ ပြိုင်ဘက်တွေဆီ လူတွေ ရောက်ကုန်တယ်။

အစားအစာပို့လုပ်ငန်းကဏ္ဍကို သုတေသနလုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ စင်ကာပူအခြေစိုက် Momentum Works ရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ ရှိတဲ့ ထိုင်းနိုင်ငံ အစားအစာပို့ အက်ပ် လုပ်ငန်းဈေးကွက်မှာ Foodpanda က ဝေစု ၂၃% ရရှိခဲ့ပါတယ်။ Grab ရဲ့ GrabFood က ၅၀% ဈေးကွက်ဝေစု ရရှိထားပြီး Line ရဲ့ Lineman က ၂၀ % ဝေစု ရရှိထားပါတယ်။
အစားအစာပို့ အက်ပ် လုပ်ငန်းဈေးကွက်ထဲကို မလေးရှားမှ ချွေတာလေကြောင်းလိုင်း AirAsia က ဝင်ရောက်လာခဲ့ပါတယ်။ အင်ဒိုနီးရှားမှ Gojek ရဲ့ ထိုင်းဈေးကွက်ထဲ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွဲ GoFood ဟာ ဈေးကွက်ဝေစု ၇% ရှိပြီး GoFood ကို AirAsia က ဝယ်ယူခဲ့ပါတယ်။

သပိတ်မှောက်ခံရတဲ့အတွက် ပြိုင်ဘက်တွေက Foodpanda ရဲ့ ဈေးကွက်ဝေစုကို ယှဉ်ပြိုင်စရာ မလိုဘဲ ရယူသွားတော့မယ့် အရေး ရှိနေပါတယ်။
Foodpanda က တောင်းပန်စာကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အလုပ်ဖြုတ်မယ့်ကိစ္စကိုလည်း အရေးယူဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တောင်းပန်စာက သုံးစွဲသူတွေ Foodpanda က ထွက်ခွာတာကို မရပ်တန့်စေခဲ့ဘူး။ Foodpanda အနေဖြင့် ယခုလို ဒီမိုကရေစီ လိုလားသူတွေရဲ့ တန်ပြန်မှုကို ကြုံရတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)