Thiland



ဗီယက်နမ်ဆန် ထိုင်းဆန် ၂၀၂၃ ပြည်ပတင်ပို့မှု စံချိန်တင် မြင့်တက်

ဗီယက်နမ်ဆန် ထိုင်းဆန် ၂၀၂၃ ပြည်ပတင်ပို့မှု စံချိန်တင် မြင့်တက် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကန့်သတ်ချက်များကြောင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ အပေါ် ပိတ်ပင်ကန့်သတ်ထားသဖြင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန် ပြည်ပတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြားခဲ့သည်။

ဗီယက်နမ်သည် ချုပ်ထည် အဝတ်အစားများ၊  စမတ်ဖုန်းများ ပြည်ပတင်ပို့မှု လျော့ကျနေစဉ် ဆန်တင်ပို့မှု စံချိန်တင် မြင့်မားခဲ့သည်။

ဗီယက်နမ်သည် ၂၀၂၃ ခုနှစ်တွင် ဆန်အမျိုးမျိုး ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

၂၀၂၂ ခုနှစ်ထက် ၃၅% ပိုများပါသည်။

 

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်ဆန် တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ထက် အင်ဒိုနီးရှားသို့ ၁၀ ဆကျော် တိုးခဲ့သည်။ စင်ကာပူသို့  ၄၀ ရာခိုင်နှုန်း တိုးသည်။ ဂါနာသို့ ၆၀ ရာခိုင်နှုန်းခန့် တိုးသည်။

 

တန်ချိန်အရကြည့်လျှင် ဗီယက်နမ်သည် ကမ္ဘာ့ပဉ္စမအများဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ ပြည်ပသို့ ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ 

 

အယ်နီညိုကြောင့် အာရှဒေသအများအပြားတွင် အပူချိန်မြင့်မားပြီး မိုးရွာသွန်းမှုနည်းပါးသော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ် ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၄၃ သန်းကျော်ခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၂% ဝန်းကျင် ပိုများပါသည်။

 

ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း တစ်နှစ်လျှင် ဆန်တန်ချိန် ၆ သန်းမှ တန်ချိန် ၇ သန်းဝန်းကျင် နှစ်စဉ်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၈ သန်းကျော် တင်ပို့ခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သူဖြစ်သည်။ခန့်မှန်း‌ေြခအားဖြင့် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၈ သန်းကျော် တင်ပို့နိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၁၀% ကျော် ပိုများသည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်း တန်ချိန်အများဆုံး တင်ပို့ခဲ့ခြင်း ဖြစ်သည်။

 

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တင်ပို့မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းသည် အိန္ဒိယအစိုးရ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ဇူလိုင်လကတည်းက တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။

 

အဆိုပါ ဆောင်ရွက်ချက်သည် အိန္ဒိယတွင် ဆန် ရရှိနိုင်မည့် ပမာဏနှင့် ပြည်တွင်း ဆန်ဈေးနှုန်းများကို ထိန်းထားရန် ရည်ရွယ်ပြီး  နွေဦးရာသီ အထွေထွေ ရွေးကောက်ပွဲတွင် ထောက်ခံမဲများ ရရှိဖို့လည်း ရည်ရွယ်သည်။

 

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀% ဝန်းကျင်ကို တင်ပို့သည့် နိုင်ငံဖြစ်သည်။ အီရန်၊ ဆော်ဒီအာရေဗျနှင့် တရုတ်တို့က အဓိကဝယ်လက်များ ဖြစ်သည်။ အချို့သော အာဖရိကနိုင်ငံများသည်လည်း ဗီယက်နမ်နှင့် ထိုင်းတို့တက် ဈေးသက်သာသည့် အိန္ဒိယဆန်ကို အားကိုးအားထားပြုပြီး တင်သွင်းကြသည်။

 

 ဆန်တင်သွင်းရသည့်နိုင်ငံများသည် ဆန်ဝယ်ယူရန်အတွက် တည်ငြိမ်သော အရင်းအမြစ်များကို ရှာဖွေနေကြသည်။

၂၀၂၄ ခုနှစ်အတွက် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဇင်ဘာလတွင် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်နှင့် တွေ့ဆုံစဉ်က အစိုးရချင်း သဘောတူညီမှု ရယူခဲ့သည်။ အင်ဒိုနီးရှားသည် အိန္ဒိယထံမှ ဆန်တန်ချိန် ၁ သန်းအတွက် အာမခံချက် ရယူထားသည်။ ကမ္ဘောဒီးယားနှင့်လည်း ဆန်ဝယ်ယူရန် သဘောတူညီချက်ကို ရယူခဲ့သည်။

 

 အိန္ဒိယ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ချက်များကြောင့် ဆန်ဈေးများ မြင့်တက်လာသည်။

ဇူလိုင်လတွင် အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ခြင်း စတင်ခဲ့ရာ ဩဂုတ်လတွင် ဆန်ဈေး ၁၅% တက်သည်။ တတန် $645 သို့ မြင့်တက်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ အချက်အလက် ထုတ်ပြန်သည်။ 

ဗီယက်နမ်နိုင်ငံ စားသောက်ကုန် အသင်းက ကမ္ဘာ့ဆန်ဈေး ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တက်သွားသည်ဟု ပြောကြားခဲ့သည်။

 

ကမ္ဘာ့ဆန်ဈေး မြင့်တက်ခြင်းသည် ဗီယက်နမ် ပြည်တွင်းဆန်ဈေးနှုန်းကိုပါ ဆွဲတင်သည်။ စူပါမားကက်တွင် ၃ ကီလိုဆန်ထုပ် တထုပ်ကို ဒေါင် ၁ သိန်း ($4) ဝန်းကျင်ဖြင့် ရောင်းချသည်။ ဗီယက်နမ်နိုင်ငံ စားသောက်ကုန် အသင်း အဆိုအရ ပြည်တွင်းဆန်ဈေးသည် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် ၄၀%  မြင့်တက်သည်။ 

 

 ကမ္ဘာ့ဆန်ဈေးသည် ယခုနှစ် ၂၀၂၄ တွင်လည်း အမြင့်မှာ ဆက်ရှိနေဦးမည်ဟု ခန့်မှန်းထားကြသည်။ အိန္ဒိယသည် ရွေးကောက်ပွဲ ပြီးသည့်နောက်တွင်လည်း   ပို့ကုန်ဆန်အပေါ် ကန့်သတ်ချက်များကို ဆက်လက်ထားရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 12 January 2024 17:34
Rate this item
(0 votes)