Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်အသစ်ပေါ်ချိန် မတိုင်ခင်အထိ ဆန်ဈေးတက်နိုင်

ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းသည် ဆန်အသစ်ရာသီဖြစ်သော သီတင်းကျွတ်မတိုင်ခင်အထိ တက်ရိပ်ရှိနိုင်သေးသည်ဟု မန္တလေးဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားခဲ့ပါတယ်။

 

၎င်းက “လက်ရှိ ဈေးတန်းက မှန်းမရဘူး ဖြစ်နေတယ်။ အခုတော့ ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည်ပြီး ဈေးကစားတာတွေ ရှိနေဦးမယ်။ စက်တင်ဘာလ အကုန်လောက် ပဲခူး၊ ဧရာဝတီဘက်က ဆန်အသစ်တွေ ပေါ်လာရင်တော့ ဝယ်သူ ဈေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းရတာပဲ”ဟု ပြောဆိုခဲ့ပါတယ်။

 

ပြီးခဲ့သည့်နှစ် သြဂုတ်က ရွှေဘိုဘေးကြား ဆန်တအိတ်လျှင်(အလေးချိန် ၁၀၈ ပေါင်ပါ) ၅ သောင်း ကျပ်နီးပါးရှိခဲ့ရာ လက်ရှိ မန္တလေး ဈေးကွက်၌ သြဂုတ် ၂၈ ရက် ဈေးနှုန်းမှာ တအိတ်လျှင် ၆ သောင်းကျပ် ဈေးနှုန်းဖြစ်သွားပြီး ၂၀၁၈ ဇူလိုင်လဆန်းက တအိတ်လျှင် ၅၆၀၀၀ ကျပ်ဝန်းကျင်မှ တဖြည်းဖြည်း ဈေးတက်လာခြင်း ဖြစ်သည်ဟု မန္တလေးဆန် ကုန်စည်ဒိုင်က သိရပါတယ်။

 

အလားတူ ရန်ကုန်ပေါ်ဆန်း တအိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဧရာပဒေသာ ၄၄၀၀၀ ကျပ်၊ ဧရာမင်း၊ မဂျမ်းတော ၄၃၀၀၀ ကျပ်၊ မနောသုခ ၂၉၀၀၀ ကျပ်တို့ဖြင့် မန္တလေး ဈေးကွက်တွင် ရောင်းဝယ်လျက်ရှိပြီး ဆန်ဈေးတက်လာသဖြင့် အရောင်း အဝယ် အနည်းငယ် အေးသွားကြောင်း ဆန်ပွဲရုံများက ဆိုပါတယ်။

 

ရန်ကုန် ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၅၈၅၀၀ မှ ၆၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက သိရပါတယ်။

 

ဇွန်လကုန်ပိုင်းမှ စတင်၍ ကရင်၊ မွန်နှင့် ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော ရေကြီး နစ်မြှပ်မှုများကြောင့် ဆန်စပါး လိုအပ်ချက် ရှိလာနိုင်သည်ဟု စားသုံးသူများက ယူဆကာ ဆန်ဝယ်ယူမှုများ ပြုလုပ်လာကြရာ ကုန်သည်တချို့က ဝယ်လိုအား ပေါ် မူတည်၍ ဈေးကစားလာသဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းသည် တရိပ်ရိပ်တက်လာခဲ့ရာ လက်ရှိအခြေအနေသည် ၅ နှစ်အတွင်း စံချိန်တင်တက်သည့် နှုန်းထားတခုဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များက ပြောဆိုခဲ့ကြပါတယ်။

 

အခုလို ဆန်သစ်ပေါ်ဖို့ မလွယ်တဲ့အချိန်မှာ ဆန်အဝင်နည်းလို့ ဈေးတက်နေကြဆိုပေမယ့် ဒီနှစ်က တက်တဲ့နှုန်း များတယ်။ စပါးကလည်း ပြည်ပကို ခိုးထွက်နေတော့ စပါးကို ဈေးကြီးပေးဝယ်ရရင် ဆန်ဈေးကလည်း တက်လာမှာပဲလေ။ အဲဒီတော့ ဈေးနှုန်းတည်ငြိမ်ဖို့ ဆိုရင် ဆန်လက်ကျန် အပေါ်မှာလည်း မူတည်လိမ့်မယ်”ဟု ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားခဲ့ပါတယ်။

 

လာမည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်အသစ်မှ ပေါ်လာမည်ဖြစ်ရာ ယင်းမတိုင်ခင်အထိ လက်ရှိ ဆန်ဈေးနှုန်း အလားအလာသည် ခန့်မှန်းရခက်မည်ဖြစ်ပြီး လှောင်လက်များ လက်ထဲရှိ ဆန်လက်ကျန်ပေါ်မူတည်ကာ ဈေးအတက်အကျ ဖြစ်နိုင်လိမ့်မည်ဟု ဆန်ကုန်သည်များက ခန့်မှန်းကြ့ပါတယ်။

 

ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်သော ဆန်ချော အမျိုးအစားများမှာ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ရန်ကုန်ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာ၊ မနောသုခ၊ ရွှေသွယ်၊ နွေဇီယာ စသည်တို့ဖြစ်ပြီး ယင်းတို့အနက် ရွှေဘိုဘေးကြားဆန်အမျိုးအစားသည် ဝယ်လိုအား အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ကြောင်းသိရပါတယ်။

 

စစ်ကိုင်းတိုင်း ရွှေဘိုနယ်တကြောတွင် ထွက်ရှိသည့် ရွှေဘိုဘေးကြားဆန်သည် အရည်အသွေးနှင့် ဆန်ကြောလှသဖြင့် မိသားစုစားသုံးရန် သာမက ထမင်းဆိုင်၊ စားသောက်ဆိုင်များကပါ ဝယ်ယူကြပြီး အခြားအရည်အသွေးနိမ့်သည့် ဆန်ကြမ်း အုပ်စုဖြင့်လည်း ရောနှောစားသောက်၍ အဆင်ပြေသဖြင့် ဝယ်လိုအားကောင်းခြင်းဖြစ်သည်ဟု ဆန်ပွဲရုံများက ဆိုပါတယ်။

 

မန္တလေးမြို့ သိန်းဇော် ဆန်ပွဲရုံ ပိုင်ရှင် ဦးသိန်းဇော်က“ပြည်တွင်း ဆန်ဈေးတက်တာ ဒေါ်လာဈေးတက်တာ၊ တရုတ်ကို စပါး တရားမဝင် ထွက်နေလို့ဆိုတဲ့ကိစ္စတွေနဲ့ ဆက်စပ်မှုသိပ်မရှိဘူးလို့ မြင်တယ်။ ရေကြီးရေလျှံ ဖြစ်တဲ့ဒေသတွေကို အကြောင်းပြုပြီး ကုန်သည်တချို့က ကိုယ်ကျိုးစီးပွားအတွက် ဆန်ဈေးကို တဖြည်းဖြည်း ဆွဲတင်လာလို့ အခုလို မဖြစ်သင့်တဲ့ ဈေးတွေနဲ့ ကမောက်ကမ ဖြစ်လာတာပါ။ ဒီအပေါ်မှာ သပိတ်မှောက်တာ၊ ခြိမ်းခြောက်ပြရုံနဲ့တော့ ပြီးသွားမှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ်က စစ်ကိုင်းတိုင်း ကလေးမြို့ ရေဘေးသင့်ခဲ့စဉ်က မြန်မာနိုင်ငံရှိ ဆန်စပါးအသင်းအဖွဲ့များက စုပေါင်း၍ ဆန်များ ရောင်းချပေးခဲ့ခြင်းဖြင့် ဆန်ဈေး အဆမတန်တက်ခြင်းကို ထိန်းနိုင်ခဲ့၍ ဈေးကွက်အတွင်း ဝယ်သူလိုသလောက် ကုန်စည်ရှိပါက ဈေးတက်ရန် အခွင့်အလမ်း နည်းသွားမည်ဖြစ်ရာ ယခုဈေးကွက် အခြေအနေကိုလည်း ထိန်းကျောင်းပေးရန် လိုအပ်မည်ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတဦးက “ဆန်ကုန်သည်များအနေနဲ့ ဆန်ဈေးကို တနေ့တမျိုး ဈေးခေါ် ရောင်းချခြင်းမပြုဖို့နဲ့ လက်ရှိ ဖြစ်ပေါ်နေသည့် ဆန်ဈေးအပေါ် အားလုံး ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှသာ ဈေးကွက် တည်ငြိမ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆန်ကုန်သည်များ၊ အဝယ်တော်များအနေနဲ့ ကမ်းရိုးတန်းဒေသများသို့ ကိုယ်တိုင် ဆန်ဝယ်ရင် သက်ဆိုင်ရာ ဆန်စပါး ကုန်သည်များ အသင်းကို သတင်းပေး အကြောင်းကြားရမယ့် စနစ်ကို ကျင့်သုံးသွားဖို့လည်း ပြောထားပါတယ်”ဟု ဧရာဝတီကို ပြောကြားခဲ့ပါတယ်။

 

လက်ရှိ၌ ကုန်ဈေးနှုန်းကြီးမြင့်နေချိန်တွင် နေ့စဉ်စားသုံးနေရသည့် အခြေခံစားသောက်ကုန် ဆန်ဈေးနှုန်း တရိပ်ရိပ် တက်နေခြင်းမှာ စားသုံးသူများအတွက် အခက်အခဲဖြစ်စေကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မ တဦးကဆိုပါတယ်။

 

မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းက ပြီးခဲ့သည့် တပတ်က လက်ရှိ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ယင်းပွဲ၌ ဆန်ချောဈေး ဆွဲတင်သူများကို အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Irrawaddy

 

Read times Last modified on Tuesday, 18 September 2018 10:11
Rate this item
(2 votes)