Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လှောင်လက်များခြင်းကြောင့် ဈေးနှုန်း မြင့်မားလာရသည့် မြန်မာ့ဆန်ချော ဈေးကွက်

မြန်မာနိုင်ငံဟာ   ဆန်စပါးအဓိက စိုက်ပျိုးသောနိုင်ငံဖြစ်သည့်အပြင် ပြည်ပ နိုင်ငံများသို့  ဆန်များတင်ပို့လျက်ရှိသည့်   စိုက်ပျိုးရေး နိုင်ငံလည်းဖြစ်ပါတယ်။ 

 

ပြည်ပသို့ ၂၅ မှတ်၊  ၁ဝ မှတ်၊  ၅ မှတ် စသည့် အရည်အသွေးရှိသော   ဆန်ကြမ်းများကို အဓိကတင်ပို့နေပြီး ဆန်ချောများကို  ပြည်တွင်း၌ အဓိကထား စားသုံးလျက်ရှိပါတယ်။

 

ယခုနှစ်တွင် စပါးဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် လှောင်လက်ကြီးများနှင့် စက်ပိုင်တချို့၏ သိုလှောင်မှုများပြားခြင်း၊ ကုန်သည်တချို့၏ ဈေးကစားခြင်းတို့ကြောင့် ဆန်ချော ဈေးနှုန်းများမှာ   ယခင်လကထက်   ၂ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

 

''စပါးက စက်ပိုင်တွေနဲ့  ကုန်သည်တွေ လက်ထဲမှာပဲရှိတယ်။  သူတို့က  တွက်ခြေမကိုက်ရင် မရောင်းချင်ဘူး။   စီးပွားရေး ဈေးကွက်အရ မြတ်ရင်ရောင်းမယ်။ ဒါကြောင့် ဒီလိုအပ်ချက်ကို ပြည့်အောင် ဘယ်အရာနဲ့ အစားထိုးပေးရင် ရမလဲ၊ အစားထိုးနိုင်ရင် ဈေးနှုန်းတွေ  ပြန်အေးလာမှာပါ'' ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း  ဝါးတန်းကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ     ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

 

၂ဝ၁၇  ခုနှစ်  သြဂုတ်လအတွင်းက ရွှေဘိုပေါ်ဆန်း ဆန်တစ်တင်းခွဲ တစ်အိတ်လျှင်  အမြင့်ဆုံးဈေး  ငွေကျပ်  ၄၉ဝဝဝ အထိသာ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် ယင်းဆန်အမျိုးအစား တစ်အိတ်လျှင် ငွေကျပ် ၆၂ဝဝဝ မှ ၆၄ဝဝဝ အထိ စံချိန်တင် မြင့်တက်လာပါတယ်။

 

ပြည်တွင်းဆန်ချော စားသုံးမှု မြင့်တက်လာရခြင်းမှာ အပြိုင်အဆိုင် ရောင်းဝယ်ခြင်းကြောင့် ဖြစ်၍ စားသုံးသူများ အနေဖြင့် ပေါ်ဆန်းဆန်ကဲ့သို့ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းထက်ဝက်ခန့် သက်သာသည့် ရက် ၉ဝ ဆန်များကို ပြောင်းလဲ စားသုံးသင့်ကြောင်း   မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း  အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့ပါတယ်။

 

အဝယ် လုပ်လာကြတာကြောင့်   ဈေးကတက်လာတာပါ။ စားသုံးသူတွေအနေနဲ့    ပေါ်ဆန်းလိုပဲ အရည်အသွေးကောင်းပြီး  ဈေးထက်ဝက်လောက် သက်သာတဲ့ ရက် ၉ဝ ဆန်လိုမျိုးဆန်တွေကို ပြောင်းလဲ စားသုံးသင့်ပါတယ်'' ဟု ဦးအောင်မြင့် ကပြောကြားခဲ့ပါတယ်။

 

ထို့ပြင်   ပေါ်ဆန်းထက်  ဈေးနှုန်းသက်သာသည့်    ပေါ်ကျွဲဆန်များ    အစားထိုး ပြောင်းလဲစားသုံးသင့်ကြောင်း သိရသည်။ ၂ဝ၁၂ နှစ်  သြဂုတ်လက  ပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၂၆၅ဝဝ ရှိရာမှ  ယခုနှစ်  သြဂုတ်လတွင် ငွေကျပ် ၅၂ဝဝဝ  သို့ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမှာ ၂ဝ၁၂ ခုနှစ်  သြဂုတ်လက တစ်အိတ်လျှင် ငွေကျပ်  ၃၇၅ဝဝ ရှိရာမှ  ယခုနှစ် သြဂုတ်လတွင်  ငွေကျပ် ၆၂ဝဝဝ သို့ လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်  သြဂုတ်လက ပေါ်ကျွဲတစ်အိတ်လျှင် ငွေကျပ်  ၁၉၅ဝဝ ရှိရာမှ  ယခုနှစ် သြဂုတ်လတွင် ငွေကျပ် ၄၂ဝဝဝ  သို့လည်းကောင်း   ဈေးနှုန်းများ မြင့်တက်လာကြောင်း    သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးရှိ  ဆန်အများအစုမှာ   ရွှေဘိုနယ်ဘက်သို့  အများဆုံး တင်ပို့သဖြင့် ကုန်သည်များ၊  စက်ပိုင်များက ဈေးအတက်ကို စောင့်မျှော်ကြကာ ထိန်း၍ ကြိတ်ခွဲနေသောကြောင့် ယခုကဲ့သို့ ဆန်ချောဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း  ဝါးတန်းလမ်းကုန်စည်ဒိုင်မှ ဒေးဒရဲ မြို့နယ်၏  ဆန်အကျိုးဆောင်ဒေါ်စန်းစန်းမိက ပြောကြားခဲ့ပါတယ်။

 

''နာဂစ်ဖြစ်တုန်းက ဆန်ဈေးက ဒီလောက်အထိမတက်ဘူး။ စပါးတွေက လှောင်လက်ကြီးတွေ လက်ထဲမှာပဲ  ကျန်နေတယ်။နောက် ဧရာဝတီတိုင်းဒေသကြီးဘက်က  ပေါ်ဆန်းတွေ   ရွှေဘိုဘက်ကို ပို့ကြတယ်။ ပြီးတော့ ရွှေဘိုပေါ်ဆန်းစပါးနဲ့ ရောကြိတ်ပြီး ပြန်ထွက်လာတော့ ဒီဘက်က   လက်ကျန်ပိုနည်းသွားပါတယ်'' ဟု  ဒေါ်စန်းစန်းမိကပြောကြားခဲ့ပါတယ်။

 

ယခင်က မြိတ်၊ ကော့သောင်း၊ တနင်္သာရီ  ဒေသဘက်သို့ ဆန်တင်ပို့ပါက  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့  တင်မည့် တန်ချိန်နှင့် သင်္ဘောအမည်များကို လျှောက်လွှာတင်ရသည့်အတွက်  တင်ပို့မှုကို ခန့်မှန်းနိုင်ရာ  ယင်းစနစ်ကိုပြန်လည် ကျင့်သုံးမည်ဖြစ်ကြောင်း     မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းမှ သိရပါတယ်။

 

ယခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်တို့ရှိ  စိုက်ဧက အနည်းငယ်  သာပျက်စီးသဖြင့်   စပါးအထွက်  ထိခိုက်မှုမရှိဘဲ    ပြည်တွင်းစားသုံးမှု ဖူလုံကြောင်း  သိရပါတယ်။

 

ထို့ပြင် ရေကြီးခြင်း၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်ခြင်းတို့ကြောင့် ဆန်ဈေးများ မြင့်တက်နေခြင်းမဟုတ်ဘဲ ဆန်ဈေးများကို   ဈေးနှုန်းမြှင့်ကာ   ရောင်းချနေခြင်းကြောင့် ဈေးတက်ခြင်းဖြစ်ပြီး ဈေးနှုန်းထိန်းညှိနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း  သိရပါတယ်။

 

ဆန်ဈေးနှုန်းမြင့်တက်လာခြင်းသည်  ရေကြီးနစ်မြုပ်မှု၊   အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုတို့ကြောင့် မဟုတ်ဘဲ တချို့သော သိုလှောင်သူများ ဈေးကစားနေခြင်း ကြောင့်ဖြစ်ရာ   ဆန်စပါးများ သိုလှောင်၍ ဈေးကစားနေသည့် ဆန်ကုန်သည်များကို ထိရောက်စွာ  အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  ဆန်ကုန်သည်များအသင်း   ဥက္ကဋ္ဌ ဦးအောင်သန်းဦး ကပြောကြားခဲ့ပါတယ်။

 

ပြည်တွင်း၌ လတ်တလော ဆန်ဈေးများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဖြစ်ပြီး  ဆန်ဈေးနှုန်း အလွန်အကျွံတက်လာပါက မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းအနေဖြင့်    အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ စားသုံးသူအတွက် အကာအကွယ် ပေးသည့်အစီအစဉ်များ  ဆောင်ရွက်မည် ဖြစ်ကြောင်း  သိရပါတယ်။

 

''ထိန်းချုပ်ဖို့က ဆန်ကုန်သည်တွေ အနေနဲ့ လိုတာထက် ပိုမဝယ်ကြဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် နှစ်တိုင်းပါပဲ။ သြဂုတ်၊ စက်တင်ဘာလကတော့ ကျန်တဲ့လတွေထက်စာရင် လက်ကျန်နည်းတယ်လေ။ ကောက်စောပေါ်တော့ မှာဆိုတော့  အဲဒီလိုလက်ကျန်နည်းတဲ့ အချိန်မှာ  လိုတာထက်ပိုဝယ်မယ်ဆိုရင် ဈေးတက်တတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ကျွန်တော်တို့က လိုသလောက်ပဲ ဝယ်ဖို့  ထိန်းကျောင်းပေးရမယ်''ဟု ဦးအောင်သန်းဦး ကပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင်  ဆန်ဈေးကွက်အတွင်း   အမှန်တကယ် လိုအပ်၍  ဝယ်ယူခြင်းထက် ဈေးနှုန်းအမြင့်ဖြင့်ပြန်ရောင်းရန် မျှော်မှန်း၍ ဝယ်ယူသိုလှောင်ထားသူများ၊  ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်ရန်   ဈေးကစားလိုမှုကြောင့်   ဝယ်ယူ သိုလှောင်နေသူများအား   စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး အကန့်အသတ်မရှိ ထွက်ရှိနေမှုများကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ ကိန်းဂဏန်း အချက်အလက်ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

''သူတို့ဘက်က ဆန်အဝင်နည်းနေချိန်မှာ  စားသုံးသူတွေက  ဈေးသင့်တင့်ပြီး  မိမိနဲ့ ကိုက်ညီမယ့်  ဆန်တစ်မျိုးကိုပြောင်းပြီး စားသုံးမယ်ဆိုရင် ဈေးကကျလာမှာပါ''ဟု ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင်    ပြည်တွင်းစားသုံးသည့် ဆန်များ အဓိကဝင်ရောက်နေသည့် ဝါးတန်းကုန်စည်ဒိုင်သို့ ပျမ်းမျှအားဖြင့်  နေ့စဉ်ဆန်အိတ်ရေ လေးသောင်းဝန်းကျင်သာ ဝင်ရောက်လျက်ရှိကာ များသောအားဖြင့် တနင်္လာနှင့်  အင်္ဂါနေ့ နှစ်ရက်သာ  ဝင်ရောက်မှုများကြောင်း သိရပါတယ်။

 

အောက်တိုဘာလအတွင်း  စပါးသစ်များ ပေါ်လာမည့် အချိန်ဖြစ်သည့်အပြင်    ပြည်ပသို့လည်း    ယမန်နှစ် ကာလတူထက် တန်ချိန်ငါးသိန်းခန့် လျော့နည်း တင်ပို့ထားသောကြောင့်   ပြည်တွင်း၌ ဆန်လက်ကျန် အမြောက်အမြား ကျန်ရှိနေသေးကြောင်း  သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:10
Rate this item
(2 votes)