Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အထွက်နှုန်းကောင်းသည့် ဈေးကွက်ဝင် သီးနှံမျိုးစေ့များ ပြောင်းလဲ စိုက်ပျိုးလာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ တောင်သူများသည် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကွက်ဝင် သီးနှံမျိုးစေ့များကို ၈ဝရာခိုင်နှုန်းအထိ

ပြောင်းလဲစိုက်ပျိုး လာကြောင်း  မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန  ဦးစီးမှူး ဒေါ်အမာကြည်၏    ပြောကြားချက်အရ သိရသည်။

 

မုံရွာမြို့နယ်အတွင်း စပါးစိုက်ပျိုးမှု နည်းပါးသော်လည်း အခြားသီးနှံများဖြစ်သော ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံနှင့် ပဲတီစိမ်းစသည့်သီးနှံများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ လက်ရှိအသုံးပြုသော မျိုးများမှာ သက်တမ်းရင့်လာပြီး       ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်တို့ကို   ခံနိုင်ရည်နည်းလာခြင်းကြောင့်  ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့်   ဒေသရာသီဥတုနှင့် ကိုက်ညီပြီး  ရောဂါပိုးမွှားဒဏ်   ခံနိုင်ရည်ရှိသော မျိုးစေ့များကို တောင်သူများက  ရွေးချယ်ကာ ပြောင်းလဲစိုက်ပျိုးလာခြင်း ဖြစ်ကြောင်း  သိရသည်။

 

''ရေငတ်ဒဏ်ခံနိုင်တဲ့မျိုးတွေ ရေလိုအပ်ချက်နည်းပြီး သက်တမ်းတိုတဲ့ မျိုးတွေ၊ ဒေသနဲ့ ကိုက်ညီပြီး  ဈေးကွက်ဝင်တဲ့ မျိုးတွေကို ပြောင်းလဲစိုက်ပျိုး လာကြတယ်။  စပါးမျိုးဆို ရာနှုန်းပြည့်ပြောင်းပြီ။ ပဲစင်းငုံသီးနှံလည်း ရာနှုန်းပြည့်နီးပါး ပြောင်းပြီ။ မြေပဲဆိုရင် ဆင်းပဒေသာ (၁၁)မျိုးကို ၅ဝ ရာခိုင်နှုန်းလောက်ပဲ ပြောင်းနိုင်သေးတယ်။ ပဲတီစိမ်းဆိုရင် သက်တမ်းတိုတယ်။ ရေလိုအပ်ချက်လည်း နည်းတယ်။ အပူဒဏ်လည်း ခံနိုင်တဲ့ ရေဆင်း(၁၁)နဲ့ (၁၄)မျိုးတွေနဲ့ အကုန်လုံး ပြောင်းပြီးပြီ။

 

ကုလားပဲ ရာသီဥတုနဲ့  အပူဒဏ်ခံနိုင်တဲ့ ရေဆင်း (၁၁)မျိုးနဲ့ ရေဆင်း (၆)မျိုးတွေကို ပြောင်းလဲစိုက်လာတယ်''ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။

 

ရာသီဥတုပြောင်းလဲလာမှု၏ ဒဏ်ကိုခံနိုင်သော စိုက်ပျိုးနည်းစနစ်များ၊ မျိုးစေ့များ၊ ရာသီဥတုနှင့် လိုက်လျောညီထွေနိုင်သော ပိုးသတ်ဆေး အသုံးပြုခြင်း၊ ဓာတ်မြေသြဇာ အသုံးပြုခြင်းတို့မှအစ စိုက်ပျိုးမှုစနစ် ပြောင်းလဲလာခြင်း၊ သီးထပ်သီးညှပ်များ စိုက်ပျိုးလာခြင်း၊ ရေငတ်ဒဏ်ခံနိုင်သော သက်တမ်းရှည်မျိုးဖြစ်သည့် ဝါသီးနှံနှင့် ရေလိုအပ်ချက်နည်းပြီး သက်တမ်းတို ပဲတီစိမ်းသီးနှံများနှင့် သီးညှပ် စိုက်လာခြင်းတို့ကို တောင်သူများက လိုက်နာ လုပ်ဆောင် လာကြောင်း ၎င်းက ဆက်လက် ပြောသည်။

 

မုံရွာမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံသီးနှံကို ၂၄၅၅၂ ဧက၊ ပဲတီစိမ်း ၁၆ဝ၁၂ ဧက၊ ကုလားပဲ ၂၃၁၈၅ ဧက၊ မြေပဲ ၇၂ဝဝ ဧက၊ နှမ်း ၂၂၇၆၁ ဧက၊ စပါး ၄၂၃၄ ဧကကို စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏    မှတ်တမ်းများအရ  သိရသည်။   

 

Source: Myawaddy

Read times
Rate this item
(1 Vote)