Food & Livestock
မြန်မာ့ဆန် ဖိလစ်ပိုင် ဝယ်ယူတင်သွင်း
ဇွန်လဆန်းက နိုင်ငံပိုင် ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကော်ပိုရေးရှင်း (PITC) သည်
စားနပ်ရိက္ခာဖူလုံမှုကို သေချာစေရန် အစိုးရ၏အရေးပေါ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆန်မက်ထရစ်တန်ချိန် ၃၀၀ ၀၀၀ တင်သွင်းရန် ကန်ထရိုက်လေလံများကို စတင်ခေါ်ယူခဲ့သည်။
သို့သော် အချို့သော လေလံဆွဲသူများသည် PITC ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ အချို့သောလေလံပြိုင်ပွဲများတွင် ပါဝင်ခြင်း မရှိကြသဖြင့် စပါးတန်ချိန် ၁၀၅ ၀၀၀ သာ ရရှိခဲ့သည်။
လေလံကို ၅ ပိုင်းခွဲထားရာ၌ သုံးပိုင်းသာ လေလံအောင်သူ ရှိခဲ့သည်။
အစိုးရအချင်းချင်း G to G အစီအစဉ်တွင် ပါဝင်သူ ၄ ဦး ရှိခဲ့ရာ ထိုင်းနိုင်ငံမှ ပြည်ပကုန်သွယ်ရေးဌာန၊ ဗီယက်နမ်မှ Vinafood I နှင့် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ National Agricultural Cooperative Marketing Federation of India Ltd. တို့ ပါဝင်သည်။
ပထမအစုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လေလံအောင်ခဲ့သည်။ ဈေးနှုန်းမှာ တစ်မက်ထရစ်တန်ကို အမေရိကန်ဒေါ်လာ ၄၈၉ . ၂၅ ဖြစ်သည်။ သဘောတူစာချုပ်အရ ဇူလိုင်လ ၁၄ ရက်ထက် နောက်မကျ ဆန်တန်ချိန် ၁၀ ၀၀၀ မက်ထရစ်တန်ကိုလည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်ထက် နောက်မကျ ၂၃ ၀၀၀ မက်ထရစ်တန်ကိုလည်းကောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းသို့ ပေးပို့ရမည် ဖြစ်သည်။
ဒုတိယအစုတွင် ဆန် တန်ချိန် ၂၁ ၀၀၀ မက်ထရစ်တန် နှစ်သုတ်ပါဝင်ပြီး ပထမအစုနည်းတူ ဇူလိုင်လ ၁၄ ရက်နှင့် ဩဂုတ်လ ၁၄ ထက်နောက်မကျစေဘဲ နှစ်သုတ်ခွဲပို့ရမည် ဖြစ်သည်။ ၎င်းကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လေလံအောင်ခဲ့သည်။ ဈေးနှုန်းမှာ တစ်မက်ထရစ်တန်ကို အမေရိကန်ဒေါ်လာ ၄၉၂ . ၂၅ ဖြစ်သည်။
တတိယအသုတ်နှင့် စတုတ္ထအသုတ်များမှာ လေလံအောင်သူ မရှိချေ။ ဖိလစ်ပိုင်နိုင်ငံ Tacloban နှင့် Zamboanga ဆိပ်ကမ်းများသို့ ပေးပို့ရမည် ဖြစ်သည်။ ထိုင်းနှင့် မြန်မာတို့ လေလံတွင် ပါဝင်ခြင်း မရှိချေ။ ဗီယက်နမ်နှင့် အိန္ဒိယတို့သည် PITC ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိကြချေ။
နောက်ဆုံးအစုကို Vinafood I က ဆန် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇ . ၃၀ ဖြင့် လေလံအောင်သည်။ မက်ထရစ်တန် ၁၅ ၀၀၀ နှစ်သုတ်ကို ဖိလစ်ပိုင်နိုင်ငံ Davao ဆိပ်ကမ်းသို့ ပေးပို့ရမည် ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နှင့် ဩဂုတ်လ ၁၄ ထက်နောက်မကျစေဘဲ နှစ်သုတ်ခွဲပို့ရမည် ဖြစ်သည်။
ဝယ်ယူရန် ကျန်ရှိသေးသည့် ဆန် မက်ထရစ်တန်ချိန် ၁၉၅ ၀၀၀ ကို လေလံပြန်ခေါ်ရမည် ဖြစ်သော်လည်း National Food Authority က မည်သည့်အချိန်တွင် ခေါ်မည်ဆိုသည်ကို ဆုံးဖြတ်ချက် မချရသေးချေ။



