Food & Livestock
တရုတ်သို့ ကျွဲ၊ နွား အရှင်တင်ပို့မှု (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလက စတင်တရားဝင် တင်ပို့နိုင်တော့မည်
တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွား အရှင်တင်ပို့မှုကို လာမည့် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ (တရားဝင်) တင်ပို့နိုင်တော့မည်
မြန်မာနိုင်ငံဘက်က ကျန်းမားထောက်ခံချက်တွေနှင့်အညီ ကျွဲ၊ နွားများကို ယခင် (၂၀၁၇) ခုနှစ်ကစတင်ပြီး မူဆယ်မြို့၊ နယ်စပ်ဒေသကတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (တရားဝင်) တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်မှ လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ကျွဲ၊ နွားနှင့် ဆိတ်ရှင်တို့အပါအဝင် စုစုပေါင်း (၁) သောင်းခွဲကျော် မူဆယ်မြို့နှင့် (၁၀၅) မိုင်ကြား၊ နွားကွင်း၌ သောင်တင်ပိတ်မိနေကြောင်း ကျွဲ၊ နွား ကုန်သည်များထံမှ သိရသည်။
ကျွဲ၊ နွားနှင့် ဆိတ်အရှင်များသည် ရက်ကြာသောင်တင်မှုကြောင့် ကျွဲ၊ နွား ကုန်သည်များက ကျွေးမွေး၊ စောင့်ရှောက်စရိတ် မတတ်နိုင်တော့ဘဲ ပြည်တွင်းဘက်ကို ပြန်သယ်ဆောင်ရန် မူဆယ်မြို့၊ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ တင်ပြမှုများရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာ ရောဂါ ကင်းစင်ကြောင်း စီစဉ်ဆောင်ရွက်မှု အခြေအနေများကို (GACC) အဖွဲ့များက တရားဝင် လာရောက် စစ်ဆေးပေးမည်ဟု သိရသည်။ လာရောက်စစ်ဆေးပြီးနောက် နှစ်နိုင်ငံ (PRE) လက်မှတ် အောင်မြင်စွာ ရေးထိုးပြီး ကျွဲ၊ နွား တင်ပို့မှုကို မြန်မာနိုင်ငံဘက်က တရားဝင် ပို့ကုန်/ တရုတ်နိုင်ငံဘက်က တရားဝင် သွင်းကုန်ဖြစ်လာမည်ဟု (၁၀၅) မိုင်၊ ကုန်သွယ်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။
``လာမယ့် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ (တရားဝင်) တင်ပို့မှုအဖြစ် ရောက်ရှိလာတော့မယ်၊ ကျွဲ၊ နွားတွေ တရုတ်နိုင်ငံဘက်ကို တရားဝင် သွင်းကုန် အဖြစ် မကြာခင်ကာလမှာ တင်ပို့ခွင့်ရရှိတော့မှာဖြစ်တဲ့အတွက် ကျွဲ၊ နွား ကုန်သည် တွေအနေနဲ့ ပြန်လည်သုံးသပ်စေချင်တယ်လို့´´ပြောကြားသည်။
ပြည်တွင်းဘက်တွင် ကျွေး၊ မွေး စောင့်ရှောက်စရိတ် ပိုမိုသက်သာခြင်းကြောင့် မူဆယ်-၁၀၅ မိုင်ကြား၌ သောင်တင်နေသည့် ကျွဲ၊ နွားများကို ပြန်သယ်ဆောင်လိုခြင်းဖြစ်ကြောင်း ကုန်သည် များထံမှ သိရသည်။