Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ တင်ပို့မည့် ကျွဲ နွား များထားရှိရန် မန္တလေးတိုင်းအနီးတဝိုက်တွင် ကွင်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည်

တရုတ်သို့ တင်ပို့မည့် ကျွဲ နွား များထားရှိရန် မန္တလေးတိုင်းအနီးတဝိုက်တွင် ကွင်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကျွဲနွားတင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးနိုင် က ပြောသည်။

လက်ရှိ မူဆယ်နယ်စပ် လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ ကျွဲ၊ နွား တင်ပို့ရာတွင် မူဆယ်နယ်စပ်၌ ကျွဲ နွား ထားရှိမည့် နေရာအခက်အခဲနှင့် တိရိစ္ဆာန်အစာ အခက်အခဲ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
"ကျွန်တော်တို့ တိုင်ပင်နေတယ်၊ မူဆယ်ဆိုတာ နေရာက အင်မတန် ကျဥ်းတယ်၊ ကျွဲ နွား တကယ်လို့ အကောင်ရေ ၅၀၀၀ ထားမယ်ဆိုရင် နေရာက အဆင်မပြေဘူး၊ အဲဒါကြောင့်မလို့ ကျွန်တော်တို့က ကွင်းတစ်ခုပေါ့၊ ကွင်းစောင့်ထားတဲ့ နေရာတစ်ခု အနီးစပ်ဆုံး မန္တလေးတိုင်း ပြင်ဦးလွင် အနီးတဝိုက် အစာရေစာပေါတယ်၊ ရာသီဥတု အခြေအနေကောင်းတယ်၊ အဲလိုနေရာမျိုးမှာ တကယ်လို့ ထားပြီး တဆင့်ပြန်ပို့ရင် အဆင်ပြေတာပေါ့၊ ဟိုမှာကျတော့ အဲလိုမျိုး မဟုတ်ဘူး၊ အစာက စျေးများတယ်၊ ကျွန်တော်တို့ မန္တလေးတိုင်းနေရာက ကောက်ရိုးတွေ ပေါတယ်၊ ပြောင်းတို့ ပေါတော့ လွယ်တယ်"ဟု ဦးစိုးနိုင် က ပြောသည်။
အဆိုပါ တရုတ်သို့ တင်ပို့မည့် ကျွဲ၊ နွား များထားရှိရန်အတွက် ကွင်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကျွဲနွားတင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
ထို့ပြင် ကျွဲ နွား များအား တရုတ်သို့ မရောင်းခင် စျေးနှုန်းပိုရရန် ပြည်တွင်း၌ပင် ပိဿချိန် တိုးရေး ပြုလုပ်သည့် စနစ်ကိုလည်း လုပ်ဆောင်ရန် စီစဥ်နေကြောင်း ၎င်းက ထပ်မံပြောကြားသည်။
"အခု ဘယ်လိုဖြစ်လည်းဆိုတော့ ကျွန်တော်တို့ ကျွဲ နွား တွေက မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့ အဝေးကနေ မူဆယ်ကို ရောက်တဲ့အခါမှာ အကောင်တစ်ကောင်က ဥပမာ ပိဿချိန် ၁၀၀ ရှိတယ်ထားပါတော့၊ မူဆယ်ရောက်ပြီဆိုရင် ပိဿာချိန် ၈၀/ ၈၅ ပဲ ကျန်တော့တာ၊ ပိန်သွားတာပေါ့နော်၊ အဲဒီ ကျွဲ နွား တွေကို တရုတ်က ဝယ်ပြီးတော့ ဟိုမှာကောင်းကောင်းကျွေးတယ်၊ သူတို့မှာ အစာရေစာပေါတော့ ကောင်းကောင်း ကျွေးပြီး ပိဿချိန် ၁၁၀/ ၁၂၀ လောက်ဖြစ်အောင် ပြန်လုပ်တယ်၊ လုပ်ပြီးတော့မှ သူတို့က ပြန်ရောင်းတာဆိုတော့ ဒီနည်းစနစ်က ကျွန်တော်တို့ ဒီမှာလုပ်ဖို့တော့ ကျွန်တော်တို့ စီစဥ်နေပါတယ်"ဟု ဦးစိုးနိုင် က ပြောသည်။
လက်ရှိ တရုတ်မှ ကျွဲနွားအဝယ်ရပ်နေသဖြင့် မူဆယ်တွင် ကုမ္ပဏီ ၁၅၀ ခန့်က ကျွဲနွားအကောင်ရေ ၁၅၀၀၀ ခန့်အထိ ပိတ်မိနေပြီး ကျွဲနွားအကောင် ၁၀၀ အတွက် တစ်နေ့လျှင် ကျွဲ နွား အစာအတွက် မန္တလေးမှ ဝယ်ယူရသည့် အစာဖိုးအပြင် ၎င်းတို့အား အစာကျွေးမွေးရန် လူငှားစရိတ်မှာ အနည်းဆုံး လေးသိန်းမှ ခြောက်သိန်းကြား ကုန်ကျနေကြောင်း သိရသည်။
လက်ရှိ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကျွဲနွားများကို ၀ယ်ယူရာတွင် ရှာနာခွာနာအပါအ၀င် ရောဂါ အမျိုး ၂၀ ၀န်းကျင်အထိ စီစစ်ပြီးမှသာ တင်သွင်းခွင့်ပြုသောကြောင့် သက်ဆိုင်ရာ နှစ်ဖက်တာ၀န်ရှိသူများ ညှိနှိုင်းနေကြခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
သို့ဖြစ်၍ ယခင်က တစ်နေ့လျှင် မူဆယ်မှ တရုတ်နိုင်ငံသို့ ကျွဲနွားအကောင်ရေ ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်အထိ အရောင်းအ၀ယ်ရှိနေသော်လည်း ယခုအခါ ကိုဗစ် 19 အပါအ၀င် အခြားသောအချက်များကြောင့် တရုတ်နိုင်ငံမှ ကျွဲနွား၀ယ်ယူမှု သုံးလခန့် ရပ်ဆိုင်းနေကြောင်း ဦးစိုးနိုင် က ဆက်ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေဖြင့်လည်း ကျွဲ နွားကုန်သည်များအား ပါမစ်ခွင့်ပြုပေးရာတွင် သုံးလသက်တမ်းဖြင့် ကုမ္ပဏီ တစ်ခုလျှင် ကျွဲ နွားအကောင်ရေ ၁၀၀ သတ်မှတ်ကာ တင်ပို့ရောင်းချခွင့် ပေးထားပြီး ယင်းသက်တမ်းသုံးလအတွင်း မရောင်းချပါက အရေးယူခြင်း ခံရနိုင်မည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေဖြင့် ကျွဲ၊ နွားများ ပြည်ပသို့ တရားမ၀င် တင်ပို့ခြင်းကို တရား၀င် လမ်းကြောင်းပေါ် ရောက်လာစေရန်နှင့် မွေးမြူရေး တောင်သူများ ၀င်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေပြီး တောင်သူများ စီးပွားရေး ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ကျွဲ၊ နွား အရှင်များကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ ပြည်ပသို့ တရား၀င် တင်ပို့ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ နှစ်စဥ် ကျွဲ နွား အကောင်ရေ ၅၀၀၀၀၀ ဝန်းကျင် ပြည်ပသို့တင်ပို့နိုင်ကြောင်း မန္တလေးတိုင်း ကျွဲနွားတင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

MDN

Read times
Rate this item
(0 votes)