Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘရာဇီးလ်နိုင်ငံ၏ ပြောင်းအထွက်ကျဆင်းမှုကြောင့် ပြည်ပမှ နှံစားသီးနှံဝယ်ယူတင်သွင်းမှုများ မြင့်တက်လျက်ရှိ

ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso ပြည်နယ်သည် ၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပမှပြောင်းစေ့များ ဝယ်ယူတင်သွင်းခဲ့သည်ဟုသိရသည်။

ဘရာဇီးလ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှဩဂုတ်လအတွင်း ပြောင်းတန်ချိန် ၁.၂ သန်းအား ဝယ်ယူတင်သွင်းခဲ့ပြီး လတ်တလောကာလတွင် ဒုတိယအများဆုံးတင်သွင်းသည့် ပမာဏဖြစ်ကြောင်း၊ ပါရာဂွေးနိုင်ငံမှအများဆုံးဝယ်ယူတင်သွင်းခဲ့ပြီး ပြောင်းတန်ချိန် ၈၈၂,၀၀၀ တန် ဝယ်ယူခဲ့ ကြောင်း၊ စုစုပေါင်းပြောင်းတင်သွင်းသည့်ပမာဏ၏ ၇၁.၉ ရာခိုင်နှုန်းရှိကြောင်း ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဌာန(Secretariat of Foreign Trade - Secex)၏ စာရင်းများတွင် ဖော်ပြထားသည်။

 

Mato Grosso ပြည်နယ်အတွင်းသို့ တင်သွင်းခဲ့သည့် ပြောင်းတန်ချိန် ၈ တန်သည် ပြည်နယ်မှ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်သည့်ပြောင်းတန်ချိန် ၃၂ သန်းနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့် ပမာဏဖြစ်သော်လည်း လတ်တလော ၄ နှစ်တာကာလအတွင်း ပြည်နယ်အတွင်းသို့ ပထမဆုံး အကြိမ် ပြောင်းတင်သွင်းမှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

 

ပြောင်းတင်သွင်းသည့်ပမာဏသည် အလွန်နည်းပါးသော်လည်း ဘရာဇီးလ်နိုင်ငံ၏ ပြောင်း အများဆုံးစိုက်ပျိုးထုတ်လုပ်တင်ပို့နေသည့်ပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းမလုံလောက်သည့်လက္ခဏာများအဖြစ် တွေ့မြင်ရကြောင်း၊ Mato-grossensse Institute of Agricultural Economics (Imea) မှ ကြီးကြပ်ရေးမှူး Daniel Latorraca က ပြောကြားခဲ့သည်။

 

Mato Grosso ပြည်နယ်၏ ပြောင်းစားသုံးမှုသည် ပြည်နယ်တစ်ခုလုံးစိုက်ပျိုးထွက်ရှိမှု၏ ၃ ပုံ ၁ ပုံခန့်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်သီးနှံကာလတွင် ပြောင်းထွက်ရှိမှုများကျဆင်းခဲ့သဖြင့် ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်သီးနှံရာသီချိန်တွင် ပြောင်းတိုးချဲ့စိုက်ပျိုးမည့်အခြေအနေများ ရှိကြောင်း Imea က ခန့်မှန်းပြောကြားခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် ပြည်နယ်၏ ပြောင်းစားသုံးမှုသည် တန်ချိန် ၁၁ သန်းအထိရောက်ရှိရန် ခန့်မှန်းထားပြီး ယခင်နှစ်စားသုံးမှုနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း National Union of Corn Ethanol (UNEM) ၏ သတင်းတွင်ဖော်ပြထားသည်။

 

ယခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ ပြောင်းကုန်ကြမ်းတင်သွင်းမှုကြောင့် အသားထုတ်လုပ် သည့် ဘရာဇီးလ်နိုင်ငံ၏တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းပြည်နယ်များတွင် အကျိုးကျေးဇူးများရရှိ ကြောင်း၊ ဈေးကွက်အတွင်းရှိ ပြောင်းကုန်ကြမ်းလိုအပ်ချက်မြင့်မားနေမှုကို ဖြည့်ဆည်းနိုင်သည့် အတွက် ပြောင်းဈေးနှုန်းများကိုပိုမိုတည်ငြိမ်စေကြောင်း National Union of Corn Ethanol (UNEM) ၏ ဥက္ကဌ Guilherme Nolasco က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ဈေးကွက်တွင် တရုတ်နိုင်ငံ၏ဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း အဓိကတင်ပို့ လျက်ရှိသည့် အမေရိကန်နှင့်ဘရာဇီးလ်နိုင်ငံတို့၏ ပြောင်းတင်ပို့နိုင်မှုမှာ ကျဆင်းလျက်ရှိသည်။ ထို့အပြင်အမေရိကန် ဒေါ်လာငွေ တန်ဖိုးမြင့်တက်နေမှုနှင့် ဈေးကွက်အတွင်းပြောင်းဝယ်လိုအားမြင့် တက်နေမှုတို့ကြောင့် လာမည့်ပြောင်းစိုက်ပျိုးရာသီတွင် ဘရာဇီးလ်နိုင်ငံ၏ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Rural Union of Canarana (MT) မှ ဥက္ကဌ Alex Wish က ခန့်မှန်းထားသည်။

 

မြောက်အမေရိကနှင့်တောင်အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများ၏ ပြောင်းတင်ပို့မှုများ ကျဆင်းခဲ့သဖြင့် ကမ္ဘာ့ပြောင်းဈေးကွက်တွင် ဝယ်လိုအားများမြင့်တက်လျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် မွေးမြူရေးကဏ္ဍတွင် ပြောင်းကုန်ကြမ်းဈေးနှုန်းများမြင့်တက်လျက်ရှိရာ အသားထုတ်လုပ်မှုတွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့် သီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့မှုများအတွက် နှံစားသီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုကြောင်း လယ်ယာထွက်ကုန် စီးပွားရေးအကျိုးဆောင်ကုမ္ပဏီ၏ ဒုတိယဥက္ကဌ Lucas Costa Beber က ပြောကြားခဲ့သည်။

 

Source: myantrade.gov.mm

Read times Last modified on Wednesday, 06 October 2021 11:15
Rate this item
(0 votes)