Food & Livestock



၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO သတင်းထုတ်ပြန်ချက်

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO သတင်းထုတ်ပြန်ချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းကို “FAO Food Price Index drops in February, albeit only marginally” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအချက်များ အဓိက ဖော်ပြပါရှိပါသည် - 

 

● ဖေဖော်ဝါရီလတွင် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (FFPI) သည် ဇန်နဝါရီလထက် ၀.၆ ရာခိုင်နှုန်း ကျဆင်းကာ ပျမ်းမျှ ၁၂၉.၈ မှတ်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင်ရှိခဲ့သည့် အမြင့်ဆုံးအညွှန်းကိန်းထက် ၂၉.၉ မှတ် (၁၈.၇ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ ကျဆင်းခဲ့သည့် အဓိကအကြောင်းအရင်းမှာ ဟင်းသီးဟင်းရွက်ဆီနှင့် နို့ထွက်ပစ္စည်း များ၏ ဈေးနှုန်းညွှန်းကိန်းများ သိသိသာသာ ကျဆင်းခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊  

 

●  နှံစားသီးနှံဈေးနှုန်းညွှန်းကိန်း (Cereal Price Index) သည် ဇန်နဝါရီလထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဖေဖော်ဝါရီလတွင် ပျမ်းမျှ ၁၄၇.၃ မှတ်ရှိခဲ့ကြောင်း၊ နိုင်ငံတကာဂျုံ ဈေးနှုန်းမှာ ၃ လ ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် အနည်းငယ် (၀.၃ ရာခိုင်နှုန်း) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့ပြောင်းဆံဈေးနှုန်းမှာလည်း အပြောင်းအလဲ အနည်းငယ်ဖြင့် တစ်လချင်း ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊

 သို့ရာတွင် ကမ္ဘာ့ဈေးကွက်တွင် နှံစားပြောင်းနှင့် ဘာလီဈေးနှုန်းတို့မှာ ၀.၂ ရာခိုင်နှုန်းနှင့် ၀.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ အလားတူ နိုင်ငံတကာဆန်ကြမ်းဈေးနှုန်းမှာ ဆန်အဓိကတင်ပို့သည့် အာရှနိုင်ငံများတွင် ကူးသန်းရောင်းဝယ်မှုများ နှေးကွေးခဲ့သည့် အတွက် ၁.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊

● ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းညွှန်းကိန်း (Vegetable Oil Price Index) သည် ဖေဖော်ဝါရီ လတွင် ၄.၅ မှတ် (၃.၂ ရာခိုင်နှုန်း) ကျဆင်းခဲ့ကာ ပျမ်းမျှ ၁၃၅.၉ မှတ်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအမှတ်သို့ ကျဆင်းခဲ့ကြောင်း၊ ယင်းသို့ဈေးနှုန်းညွှန်းကိန်း ကျဆင်းခဲ့မှုသည် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီနှင့် မုန်ညှင်းဆီ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပဲပိစပ်ဆီ အဓိက တင်သွင်းသည့် နိုင်ငံ များမှ ဝယ်ယူတင်သွင်းမှု ကျဆင်းခဲ့မှုနှင့် တောင်အမေရိကနိုင်ငံများတွင် ဆီထုတ်လုပ်မှု အလားအလာကောင်းတို့ကြောင့် ကမ္ဘာ့ပဲပိစပ်ဆီဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလတွင် ဆက်လက် အကျဘက်တွင် ရှိခဲ့ကြောင်း၊ 

● နို့ထွက်ပစ္စည်းများ၏ဈေးနှုန်းညွှန်းကိန်း (Dairy Price Index) သည် ဇန်နဝါရီလထက် ၃.၆ မှတ် (၂.၇ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ပျမ်းမျှ ၁၃၁.၃ မှတ်ရှိခဲ့ကြောင်း၊ နို့ထွက်ပစ္စည်း အားလုံး၏ ဈေးနှုန်းများမှာ ဖေဖော်ဝါရီလတွင် အကျဘက်တွင် ရှိခဲ့ပြီး အထူးသဖြင့် ထောပတ်နှင့် skim milk powder (SMP) နို့မှုန့်ဈေးနှုန်းတို့မှာ သိသိသာသာ ကျဆင်း ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား ဆက်လက် ကျဆင်းမှု၊ အနောက် ဥရောပတွင် ထောပတ်၊ ဒိန်ခဲနှင့် SMP နို့မှုန့်ထုတ်လုပ်မှုနှင့် တင်ပို့မှုမြင့်တက်ခဲ့ခြင်းနှင့် ရာသီအလိုက်နို့ထုတ်လုပ်မှု မြင့်တက်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊

 

●  အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index) သည် ယခင်လမှ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ပျမ်းမျှ ၁၁၂.၀ မှတ်ရှိခဲ့ကြောင်း၊ နိုင်ငံတကာ ကြက်/ဘဲဈေးနှုန်းမှာ ကမ္ဘာ့ ဈေးကွက်တွင် တင်ပို့မှုမြင့်တက်ခဲ့သည့်အတွက် ဆက်လက် ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ဝက်သားဈေးမှာ ဥရောပတွင် ဝယ်လိုအား မြင့်တက်ခဲ့ပြီး ဝက်ကောင်ရေရရှိမှု ကျဆင်း ခဲ့ခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အမဲသားဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘဲ တည်ငြိမ်နေခဲ့ကြောင်း၊ 

 

●  သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) သည် ဇန်နဝါရီလမှ ၈.၁ မှတ် (၆.၉ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီလတွင် ပျမ်းမျှ ၁၂၄.၉ မှတ်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ညွှန်းကိန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းသို့ သကြား ဈေးနှုန်းညွှန်းကိန်း မြင့်တက်ခဲ့မှုသည် ကမ္ဘာ့ ဒုတိယသကြားတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် သကြားထုတ်လုပ်မှုကျဆင်းခဲ့ပြီး သကြားတင်ပို့မှုအပေါ် ရိုက်ခတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် သကြား ထုတ်လုပ်သည့် သီးနှံပင်များ ရိတ်သိမ်းမှု အလားအလာကောင်းတို့ကြောင့် တစ်လချင်း သကြားဈေးနှုန်း တဟုန်ထိုးမြင့်တက်မှုကို တားဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 14 March 2023 18:03
Rate this item
(1 Vote)