Food & Livestock



ဗီယက်နမ်ဆန် ၁ တန် ဒေါ်လာ ၇၀၀ အထိ မြင့်တက်ခဲ့

ဗီယက်နမ်ဆန် ၁ တန် ဒေါ်လာ ၇၀၀ အထိ မြင့်တက်ခဲ့

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယနိုင်ငံသည် ဇူလိုင်လနှောင်းပိုင်းတွင် ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲများ တင်ပို့မှုကို တားမြစ်ခဲ့ပြီး ယခင်ကတည်းက ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ထားသဖြင့် ကမ္ဘာ့ဆန်ဈေးတက်စေခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အိန္ဒိယဆန် ပြည်ပတင်ပို့မှု ပိတ်ပင်ခဲ့သဖြင့် ကမ္ဘာ့ဆန်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ သို့ ရောက်ရှိခဲ့သည်။

ယခု ပိတ်ပင်မှုတွင်  ၂၀၀၈ ခုနှစ်တုန်းက ရောက်ရှိခဲ့သည့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ သို့ မရောက်နိုင်ဟု သုံးသပ်ကြသည်။

သို့သော် ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ စားသောက်ကုန်အသင်း ဒုတိယဥက္ကဋ္ဌ ဒိုဟာနမ်က ပို့ကုန်ဆန် ဈေးနှုန်းသည် ဩဂုတ် ၁၀ ရက်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၇၀၀ အထိ တက်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ် ပြည်တွင်းတွင် လက်လီစျေးနှုန်းများသည် ဩဂုတ်လတွင် တစ်ကီလိုလျှင် ဒေါင် ၃,၀၀၀-၅,၀၀၀ မှ ၁၈,၀၀၀-၂၀,၀၀ ($0.76-0.84) သို့ ခုန်တက်သွားခဲ့သည်။

 

ဩဂုတ်လ ၁၇ ရက်နေ့တွင် အိန္ဒိယသည် တားမြစ်ချက်ကို မကြာမီ ရုတ်သိမ်းတော့မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စျေးနှုန်းများ အနည်းငယ် ကျဆင်းသွားခဲ့သည်။

 

ဗီယက်နမ်မှ သိပ္ပံပညာရှင် Vo Tong Xuan က လက်ရှိအခြေအနေသည် ၂၀၀၈ ခုနှစ်နှင့် မတူသဖြင့် ဆန်ဈေး တတန် ‌ကန်ဒေါ်လာ ၁,၀၀၀ သို့ မရောက်ရှိနိုင်ဟု သုံးသပ်သည်။

၂၀၀၈ ခုနှစ် ဆန်ဈေး တတန် ‌ကန်ဒေါ်လာ ၁,၀၀၀ သည် နှစ်ပေါင်း ၁၀၀ ကျော်တွင် အမြင့်ဆုံးဈေးနှုန်း စံချိန်အဖြစ် ဆက်ရှိနေမည်ဟု ၎င်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် အခြေအနေမှာ ရာသီဥတုက စပါးစိုက်ပျိုးရန် မျက်နှာသာမပေး၊ ရေနံ ဈေးနှုန်းများလည်း မြင့်မားနေခဲ့ပြီး ဆန် အဓိက စားသုံးသည့် နိုင်ငံများတွင် ဆန်လက်ကျန် နည်းပါးနေချိန်တွင် အိန္ဒိယက ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က အိန္ဒိယနှင့် တရုတ်တို့တွင် ဆန်လိုအပ်ချက် မြင့်မားနေခဲ့သည်။

 

ထိုအချိန်က ဗီယက်နမ်အစိုးရသည် ဆန်ပို့ကုန်လုပ်ငန်းရှင်များအား စာချုပ်အသစ်များ မချုပ်ဆိုရန်နှင့် တစ်နှစ်တာ ဆန်ပို့ကုန်တန်ချိန် ၄.၅ သန်း ကန့်သတ်ထားရန် ညွှန်ကြားထားခဲ့သည်ဟု Xuan က ပြောကြားသည်။

 

စပါး အထွက်နည်းခြင်းနှင့် ဆန်ဈေးတက်မည်ကို စိုးရိမ်သဖြင့် ပြည်ပဝယ်လက်များက ဗီယက်နမ်ဆန်ကို အလုအယက် ဝယ်ယူကြသော်လည်း ဆန်ကုန်သည်များက တက်ဈေးကို စောင့်လိုသဖြင့် မရောင်းကြချေ။ 

ပြည်တွင်း၌လည်း လှောင်လက်များ ရှိနေသဖြင့် ဆန်ဈေး ထိုးတက်သွားသည်။ ဆန် တစ်ကီလို 

ဒေါင် ၁၂,၀၀၀ မှ ဒေါင် ၂၀,၀၀၀ သို့ ဈေးတက်သည်။

 

ကမ္ဘာ့‌ဆန်ဈေးကွက်ထဲ ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၀% တင်ပို့သော အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်ခြင်းသည် ယခုတကြိမ်တွင် ကမ္ဘာ့ဆန်လက်ကျန်သည် ၂၀၀၈ ခုနှစ်တုန်းကထက် ပိုများသည်ဟု Xuan က ပြောကြားသည်။ 

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ ၂၀၀၈ ခုနှစ်တုန်းက အာရှ ဆန်လက်ကျန်သည် ၂၀၀၆ ခုနှစ်တွင် တန်ချိန် သန်း ၁၄၀ မှ ၂၀၀၇ ခုနှစ်တွင် တန်ချိန် သန်း ၆၀ သို့ ကျဆင်းခဲ့သည်။ ၂၀၀၉ ခုနှစ်ကျမှ တန်ချိန် ၁၀၅ သို့ ပြန်မြင့်တက်ခဲ့သည်။ 

 

စျေးနှုန်းများ ဆန် တစ်တန်လျှင် $550 မှ $1,000 သို့ ရုတ်တရက် ခုန်တက်သောကြောင့် အနည်းဆုံး နိုင်ငံ ၃၇ နိုင်ငံတွင် စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

 

ယခုအခါ ကမ္ဘာ့ဆန်လက်ကျန် လျော့နည်းနေသော်လည်း ကြီးကြီးမားမား လျော့နည်းနေခြင်း မဟုတ်ဟု Xuan က ဆိုသည်။

 

ဇူလိုင်လ ၂၀ ရက်တွင် အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်လိုက်သည့်နောက်တွင် အိန္ဒိယမှာ ဩဂုတ် လဆန်းမှ စ၍ မိုးရွာသွန်းမှု ပြန်များလာခဲ့သည်။ နွေ-ဆောင်းဦး စပါး မျိုးစေ့ကြဲရန် သင့်လျော်သည့် အခြေအနေကို အထိုက်အလျောက် ရရှိသည်။

 

အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဩဂုတ် ၄ ရက်အထိ ဟက်တာ ၂၈ ဒသမ ၃ သန်း စပါးစိုက်ပျိုးခဲ့သည်။ ယမန်နှစ်ထက် ဧရိယာ ၃.၄% ပိုများသည်။

 

အိန္ဒိယတွင် အရန်သိုလှောင်မှု ဆန် တန်ချိန် ၂၄.၆ သန်း၊ စပါးတန်ချိန် ၁၃ သန်း ရှိသည်။ အစိုးရ ရည်မှန်းထားသည်ထက် ၃ ဆ ရှိနေသည်။ ထို့ကြောင့် အိန္ဒိယသည် မကြာမီ ပိတ်ပင်မှုကို ရုတ်သိမ်းရန် မျှော်လင့်ရသည်။

ဒိုဟာနမ်က "ကမ္ဘာ့ဆန်ဈေးကွက်က မကြာခင် ချိန်ညှိတော့မှာပါ" ဟု ပြောကြားသည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ဆန်လက်ကျန်သည် နှစ် ၃၀ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ဆန်လက်ကျန်သည် ယခင်နှစ်ထက် အနည်းငယ်သာ လျော့နည်းသွားကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ထုတ်လုပ်မှုသည်  ၂ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး တန်ချိန် သန်း ၅၂၀ ဟု ခန့်မှန်းထားသည်။

 

ကမ္ဘာ့ဆန် ဒုတိယအများဆုံး တင်ပို့သည့် ထိုင်းနှင့် နှင့် ကမ္ဘာ့ဆန် တတိယအများဆုံး တင်ပို့သည့် ဗီယက်နမ်တို့သည် ဆန်ပို့ကုန်အား တွန်းအားပေးလျက်ရှိသည်။

 

“ဒီနိုင်ငံနှစ်ခုမှာ ဆန် ပေါများပါတယ်” ဟု နမ်က ပြောသည်။

 

ဗီယက်နမ်၏ စပါးကျီဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဆောင်းဦး-ဆောင်းစပါး စိုက်ပျိုးဧရိယာသည် ဟက်တာ ၆၅၀,၀၀၀ မှ ၇၀၀,၀၀၀ ဟက်တာအထိ တိုးလာခဲ့သည်။

 

၂၀၀၈ ခုနှစ်မှာ သင်ခန်းစာ ရခဲ့သော  တရုတ်သည် ယခုတစ်ကြိမ်တွင် ကျကျနန ပြင်ဆင်ထားသည်။

ဆန် ကမ္ဘာ့အများဆုံး စားသုံးသည့် တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံကို ကျွေးမွေးရာတွင် ကိုယ်ထူကိုယ်ထ ဖူလုံစေရန်အတွက် လယ်ယာစိုက်ပျိုးရန်အတွက် ၂၀၂၁ ခုနှစ်မှ စတင်ကာ  ဟက်တာ ၁၇၀,၀၀၀ ကျော်ကို ပြန်လည်ဖော်ထုတ်ထားပြီး ဖြစ်သည်။

 

ပြီးခဲ့သောနှစ်တွင် သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတဝှမ်းတွင် စိုက်ပျိုးမြေ ဟက်တာ သန်း ၁၂၀ ရှိဖို့ ညွှန်ကြားခဲ့သည်။ ပြည်တွင်းဖူလုံမှု သေချာစေရန် အစိုးရက လုံလောက်သည်ဟု ယူဆသည့် စိုက်ပျိုးဧရိယာ ဖြစ်ပါသည်။

 

တရုတ်နိုင်ငံတွင် အသီးပင်များ စိုက်ပျိုးမှုကို လျှော့ချရန်နှင့် စပါးအပါအဝင် အစားအစာ သီးနှံများ တိုးမြှင့်ထုတ်လုပ်ရန် လယ်သမားများကို အစိုးရက တိုက်တွန်းထားသည်။

ယခုနှစ်တွင် ကမ္ဘာ့ဆန်ဈေး တက်လာမည်ဟု လေ့လာသူများက မျှော်လင့်ထားသော်လည်း တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀ မှ ၈၀၀ ဝန်းကျင်အထိသာ မြင့်တက်မည်ဟု ခန့်မှန်းထားကြသည်။

 

"၂၀၀၈ ခုနှစ်တုန်းကလို ဒေါ်လာ ၁၀၀၀ စံချိန်ကို ရောက်ဖို့က အရမ်းခဲယဉ်းပါတယ်" ဟု Xuan က ပြောကြားခဲ့သည်။

 

ဗီယက်နမ်တောင်ပိုင်း စိုက်ပျိုးရေးသိပ္ပံ ညွှန်ကြားရေးမှူးဟောင်း Bui Chi Buu က ကုန်သည်များသည် ပြည်ပတင်ပို့ရန် အခွင့်သာနေသည်ကို အသုံးချသင့်သည်၊ ဆန်လှောင်ခြင်း မပြုအပ်ဟု ပြောကြားသည်။

 

“သူတို့က ဆန်လှောင်ပြီး ချင့်ချိန်နေမယ်ဆိုရင် အိန္ဒိယက တားမြစ်ချက်ကို ရုပ်သိမ်းလိုက်တဲ့အခါ ဈေးပြန်ကျပြီး ဆန်ကုန်သည်တွေ ဆုံးရှုံးနိုင်ခြေရှိတယ်" ဟု သူက ပြောသည်။

"ဆန်ဆိုတာက ကြာကြာ အထားမခံပါဘူး။ ၃ လ မှ ၆ လ အထိပဲ အရည်အသွေး ထိန်းထားနိုင်ပါတယ်" 

 

ဗီယက်နမ် ပြည်တွင်း ဆန်ဈေးသည် ယခုအခါ ကမ္ဘာ့ပေါက်ဈေးထက် မြင့်နေသောကြောင့် တောင်သူများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ သတိထားရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က မကြာသေးမီက အာဏာပိုင်များက စီးပွားရေးလုပ်ငန်းများနှင့် သိုလှောင်ရုံများကို ဆန်ရောင်းချမှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် ဈေးကစားခြင်းမှ ကာကွယ်ရန်အတွက် ဆန်သိုလှောင်ထားရှိမှုများကို စစ်ဆေးရန် ညွှန်ကြားခဲ့သည်။

ယခုနှစ်တွင် ဗီယက်နမ်သည် စပါးစိုက်ဧရိယာ ဟက်တာ ၇ ဒသမ ၁ သန်းရှိပြီး စပါးတန်ချိန် ၄၃ သန်း ထွက်မည်။ သို့ဖြစ်ရာ ဆန်တန်ချိန် ၂၇ - ၂၈ သန်း ရရှိမည်ဟု မျှော်မှန်းထားသည်။

 

ယခုနှစ် ပထမ ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၉ သန်းနီးပါး တင်ပို့နိုင်ခဲ့သည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 25 August 2023 18:44
Rate this item
(0 votes)