Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပို့ ဖရဲ၊ သခွား အကျဈေးဖြင့် အရောင်းအဝယ်ဖြစ်

မြန်မာ-တရုတ် နယ်စပ်ဂိတ် ကျင်စန်းကျော့ဂိတ်ပိတ်ပြီး တရုတ်နိုင်ငံသို့တင်ပို့မည့် ကားတစ်ထောင်ကျော် ပိတ်မိပြီးနောက် ဖရဲ၊ သခွားမွှေးများကို အကျဈေးဖြင့် ရောင်းချနေရကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

 

တရုတ်သို့ရောင်းရန် ဖရဲ၊ သခွား ကားအစီးရေ ၁၃၀ဝ ခန့် တန်းစီနေသော်လည်း သစ်သီး တင်ပို့ခွင့်ပြုသည့် ပန်ဆိုင်း-ကြူကုတ်ဂိတ်ကို ဝင်ရောက်ရသည့် လမ်းအခက်အခဲကြောင့် ကားအစီးရေ ၅၀ဝ သာရောင်းချနိုင်ကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

 

ကျင်စန်းကျော့ဂိတ်မပိတ်မီ ဒီဇင်ဘာ ၂၆ ရက်က ဖရဲသီးတစ်တန်လျှင် အသီးအမျိုးအစားပေါ် မူတည်၍ တရုတ်ငွေ ယွမ် ၁၆၀ဝ မှ ၂၅၀ဝ၊ သခွားမွှေးတစ်ကီလိုလျှင် ၃ ယွမ် မှ ၃ ဒသမ ၇ ယွမ်အထိ ပေါက်ဈေးရှိပြီး ဒီဇင်ဘာလ ၃၀ ရက်က ဖရဲသီးတစ်တန် ယွမ် ၁၂၀ဝ မှ ၂၃၀ဝ၊ သခွားမွှေးတစ်ကီလို ၃ ယွမ်မှ ၃ ဒသမ ၅ ယွမ်အထိ ပေါက်ဈေးရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

 

“ဒီနေ့ ကားအစီးရေ ငါးရာလောက် ရောင်းရတယ်။ တရုတ်တွေကလည်း နှစ်ရက်လောက် အသီးမဝယ်ရတော့ အသီးကတော့ အဝယ်လိုက်တယ်။ ဈေးကတော့ မတက်ဘူး။ ပန်ဆိုင်း-ကြူကုတ်အပေါက်က ကျဉ်းလွန်းတော့ ကားတွေဝင်ရတာ အခက်အခဲဖြစ်တယ်”ဟု ခွာညိုသစ်သီးပွဲရုံ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမင်းလူနောင်က ပြောကြားသည်။

 

ယနေ့ မူဆယ်မြို့တွင် မြန်မာ-တရုတ် မာရသွန်ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် ဖရဲ၊ သခွား အရောင်းအဝယ်ပြုလုပ်မှုကို ရပ်တန့်ထားရမည်ဖြစ်ကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

 

တရုတ်နိုင်ငံသို့ သစ်သီး အဓိကတင်ပို့နေသည့် ကျင်စန်းကျော့ဂိတ်ပေါက်ကို  လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ဆို့လိုက်ခြင်းကြောင့် သစ်သီးတင်ကား တစ်ထောင်ကျော်ပိတ်မိကာ အကျဈေးဖြင့် အရောင်းအဝယ်များ ပြုလုပ်နေရပြီး အချိန်ကြန့်ကြာမှုကြောင့် စွန့်ပစ်ရသည့် သစ်သီးတင်ကား အစီးရေ ၄၀ဝ ခန့် ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

 

ပြည်တွင်း ဖရဲ၊ သခွားမွှေးကုန်သည်များအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်စည်သယ်ယူ ပို့ဆောင်ရာ၌ အာမခံစနစ်များ မထွန်းကားသည့်အတွက် ဆုံးရှုံးမှုများနှင့် ခရီးကြန့်ကြာသည့် အခက်အခဲများ ကြုံတွေ့နေရပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိသည့် မူဆယ်တွင် တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် အစိုးရက ကူညီထောက်ပံ့မှုများ ပေးစေလိုကြောင်း ဖရဲနှင့် သခွားမွှေးကုန်သည်များက ပြောကြားသည်။

 

Source: Voice

Read times
Rate this item
(1 Vote)