Food & Livestock
မလေးရှားဝန်ကြီးချုပ် အန်ဝါက ဆန်ဈေးတက်နေချိန်မှာ ဆန်လှောင်ထားသည့် ကုန်သည်များကို သတိပေး
မလေးရှားဝန်ကြီးချုပ် အန်ဝါက ဆန်ဈေးတက်နေချိန်မှာ ဆန်လှောင်ထားသည့် ကုန်သည်များကို သတိပေး
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မလေးရှားဝန်ကြီးချုပ် အန်ဝါက ဆန်ဈေးတက်နေချိန်မှာ ဆန်လှောင်ထားသည့် ကုန်သည်များကို သတိပေးလိုက်ပါသည်။ အစိုးရက ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မလေးရှားတွင် ပြည်တွင်းထွက်ဆန်ဖြူ ပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ပြည်ပမှ တင်သွင်းသည့်ဆန်ဖြူများ ဈေးမြင့်တက်နေချိန်တွင် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဆန် သိုလှောင်မှု တွေ့ရှိပါက မည်သူ့ကိုမဆို ဥပဒေအရ အရေးယူမည်ဟု ပြင်းပြင်းထန်ထန် သတိပေးထားသည်။
“ခင်ဗျားတို့ထဲက တချို့က အခွင့်ကောင်း ယူပြီး ဆန်တွေ သိုလှောင်ပြီး အမြတ်ထုတ်နေတာ ကျွန်တော် သိတယ်။ စည်းကမ်းထိန်းသိမ်း ကြပ်မတ်တဲ့ ဌာနတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ကြားထားတာတွေကို သိအောင် ထပ်လောင်းပြောကြားဖို့ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu ကို ကျွန်တော် ပြောထားပါတယ်။ အခုလို ခက်ခဲနေတဲ့ အချိန်မျိုးမှာ ဘယ်သူမဆို အခွင့်ကောင်းယူဝံ့ပါက ကျပ်ကျပ်သတိထားပါ။ ခင်ဗျားတို့ကို ကျွန်တော်တို့ တွေ့အောင် ရှာမယ်။ ဥပဒေအရ အရေးယူပြီး တရားရုံးကို ပို့မယ်”ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတစ်ဝှမ်းတွင် စိုးရိမ်တကြီး ဆန်ဝယ်ယူမှု ပျံ့နှံ့လာချိန်တွင် ဝန်ကြီးချုပ်က ယခုလို သတိပေးလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့ဆန်ဈေးတက်မှုကြောင့် ပြည်ပမှ တင်သွင်းသည့် ဆန်ဖြူအိတ်များ ဈေးနှုန်း မြင့်တက်လာပြီးနောက် ဈေးသက်သာသည့် ပြည်တွင်းထွက် ဆန်ဖြူကို ဝယ်ယူကြရာ စူပါမားကတ်များနှင့် အသေးစားကုန်စုံဆိုင်များတွင် ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။ စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေပါသည်။
မလေးရှားတွင် ဆန်ဖြန့်ဖြူးမှုကို ထိန်းချုပ်သည့် ပြည်တွင်းကုမ္မဏီစု Padiberas Nasional (Bernas) သည် ပြီးခဲ့သည့်လက တင်သွင်းသည့် ဆန်ဈေးနှုန်းကို မလွှဲမရှောင်သာသဖြင့် ၃၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာမှ ဈေးသက်သာသည့် ပြည်တွင်းထွက် ဆန်ဖြူ ဝယ်ယူသူများ ရုတ်တရက် များပြားသွားသည်။
မလေးရှားနိုင်ငံ၏ ကုန်ပစ္စည်း ပေးသွင်းမှုများ ထိန်းချုပ်ရေး အက်ဥပဒေ Control of Supplies Act အရ စျေးကွက်အတွင်း ချုပ်ကိုင်ထားနိုင်ရန် အလို့ငှာ ထိန်းချုပ်ထားသောစာရင်းဝင် ကုန်စည်များကို သိုဝှက် သို့မဟုတ် ဖျက်ဆီးပစ်သူ မည်သူမဆို ပြစ်မှုကျူးလွန်ကြောင်း မှတ်ယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ စူပါမားကတ် ပိုင်ရှင် သို့မဟုတ် ဆန်စက်မှ ဆန်များ တမင် ရည်ရွယ်ချက် ရှိရှိဖြင့် လှောင်ထားသည်ဟု တွေ့ရှိပါက အပြစ်ပေးခံရနိုင်သည်။
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် ၀န်ကြီးချုပ်သည် ဆေးရုံများ၊ ကျောင်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ကဲ့သို့သော အစိုးရဌာနများတွင် အသုံးပြုရန်အတွက် ပြည်တွင်းဆန်များ အစား ပြည်ပဆန် အစားထိုးရန် ပြည်ပမှ ဆန်များ ဝယ်ယူရန်အတွက် ရင်းဂစ်သန်း ၄၀၀ (ကန်ဒေါ်လာ ၈၄.၇၂ သန်း) ထပ်မံထောက်ပံ့မည်ဟု ကြေညာခဲ့သည်။
ထိုသို့ အစားထိုးပေးသဖြင့် ပြည်တွင်းဆန် နောက်ထပ် ၅ ရာခိုင်နှုန်းကို အများပြည်သူ စားသုံးရန် ဖြန့်ဝေပေးနိုင်မည်ဟု ဆိုသည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu သည် ဆန်ဈေးတက်ခြင်းနှင့် ဆန်ပြတ်လပ်မှု ပြဿနာများကို တားဆီးရန် ပြင်းထန်သော ကြားဝင်ဆောင်ရွက်ချက် အသစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။
ဘော်နီယိုကျွန်းရှိ ပြည်နယ်နှစ်ခုဖြစ်သော ဆာဘာ့သ် နှင့် စာရာဝပ်တို့တွင် ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်းများကို အောက်တိုဘာလ ၅ ရက်မှ စတင်ကာ ၁၀ ကီလိုဂရမ်လျှင် ၃၁ ရင်းဂစ်နှုန်း သတ်မှတ်ထားသည်။ ၎င်းသတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ရန် အစိုးရမှ စိုက်ထုတ်ကျခံပေးမည်။
ထို့အပြင် ဒေသတွင်း ဆန်ဖြူလုပ်ငန်းကို စုစည်းရန် အစိုးရက အထူးတာန်အဖွဲ့special task force တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။
ဆန်စပါး ပေးသွင်းမှုကွင်းဆက်တလျှောက် အဆင့်တိုင်းတွင် စစ်ဆေးမှုများနှင့် စောင့်ကြည့် သေချာစေရန် အဖွဲ့များ ထားရှိမည် ဖြစ်သည်။
Source Asia Nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL