India
အိန္ဒိယ ဆန်ချုပ်ထိန်းသည့်ဂယက် အာရှဆန်ကုန်သွယ်မှု ရပ်တန့်ရင်း ဈေးနှုန်းများ မြင့်တက်
အိန္ဒိယ ဆန်ချုပ်ထိန်းသည့်ဂယက် အာရှဆန်ကုန်သွယ်မှု ရပ်တန့်ရင်း ဈေးနှုန်းများ မြင့်တက်
အိန္ဒိယအစိုးရ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် အာရှတွင် ဆန်ကုန်သွယ်မှုများ ရပ်တန့်သွားစေခဲ့သည်။
ဆန်ဝယ်လက်များက အိန္ဒိယဆန်အစား ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ အစားထိုး ဝယ်ယူရန် ဆောင်ရွက်ကြစဉ် ရောင်းသူများက ဆန်ဈေးနှုန်းများ မြင့်တက်မည်ကို စောင့်လိုကြသဖြင့် အရောင်းများကို ဆိုင်းငံ့ထားလိုက်ကြသည်။
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကြာသပတေးနေ့ (စက်တင်ဘာလ ၈ ရက်) တွင် ဆန်ကွဲ ၁၀၀% ဆန်အမျိုးအစားတင်ပို့မှုကို တားမြစ်ခဲ့ပြီး အခြားဆန်အမျိုးအစားမျိုးစုံ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းခဲ့သည်။
အိန္ဒိယအစိုးရ ဆန်ကွဲတင်ပို့မှု ပိတ်ပင်၊ ဆန်တင်ပို့မှု အခွန် ၂၀% ပြဋ္ဌာန်း
မုတ်သုံမိုး ကွက်ကြားရွာသွန်းမှုကြောင့် မိုးမလုံလောက်သည့်နေရာများတွင် စပါး မစိုက်နိုင်ခဲ့သဖြင့် ရိတ်သိမ်းချိန်တွင် စပါးအထွက်နည်းမည် ဖြစ်သဖြင့် ပြည်တွင်းဖူလုံစေရေးအတွက် ဆန်တင်ပို့မှုများအပေါ် အခွန်ပြဋ္ဌာန်းပြီး ထိန်းချုပ်သည်။ ပြည်တွင်း ဆန်ကွဲဈေးနှုန်းများ မြင့်တက်နေသည်ကို ထိန်းကျောင်းရန် ဆန်ကွဲပြည်ပတင်ပို့မှုကို ပိတ်ပင်ထားလိုက်သည်။
အိန္ဒိယ၏ အဆိုပါ ကြေငြာချက် ထွက်ပေါ်ခဲ့ပြီးသည့်နောက် အာရှတွင် ဆန်ဈေးသည် ၅ ရာခိုင်နှုန်း ခုန်တက်သွားသည်။ ယခုသီတင်းပတ်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိသဖြင့် လောလောဆယ် အရောင်းဆိုင်းငံ့ထားကြသည်။
"အာရှတစ်ခွင် ဆန်ရောင်းဝယ်မှုများ ရပ်နေတယ်။ ကုန်သည်တွေက အလျင်စလို ဘာမှ စကား မလွန်ချင်ကြဘူး" ဟု အိန္ဒိယ၏ အကြီးဆုံး ဆန်တင်ပို့သည့် လုပ်ငန်း Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောကြားသည်။
"အိန္ဒိယက ကမ္ဘာ့ ဆန်တင်ပို့ရောင်းချမှုရဲ့ ၄၀% ကျော်ကို တင်ပို့နေတာဆိုတော့ လာမယ့်လများအတွင်း စျေးနှုန်းတွေ ဘယ်လောက်အထိ မြင့်တက်လာမလဲဆိုတာ ဘယ်သူမှ သေချာ မသိနိုင်ပါဘူး" ဟု ၎င်းက ပြောကြားသည်။
ဆန်သည် လူပေါင်း ၃ ဘီလီယံကျော်အတွက် အဓိက လိုအပ်ချက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် အိန္ဒိယမှ တင်ပို့မှုကို ပိတ်ပင်လိုက်သောအခါ ကမ္ဘာ့ဆန်ဈေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၁,၀၀၀ ခန့်အထိ စံချိန်တင် မြင့်တက်သွားခဲ့ဖူးပါသည်။
အိန္ဒိယဆိပ်ကမ်းများတွင် ဆန်တင်ပို့မှု ရပ်တန့်သွားခဲ့ပြီး ဝယ်လက်များက သဘောတူထားသည့် စာချုပ်စျေးနှုန်းကိုသာ ပေးလိုကြပြီး အစိုးရ၏ ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းအသစ်ကို ထပ်ဆောင်းပေးဆောင်ရန် ငြင်းဆိုမှုများကြောင့် ဆန်တန်ချိန် တစ်သန်းနီးပါး ပိတ်မိနေခဲ့သည်။
အကြောင်းစုံ ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ
ပို့ကုန်ခွန် ပေးဆောင်ရန် ငြင်းဆန်သဖြင့် အိန္ဒိယဆန် တင်ပို့မှု တန်ချိန် ၁ သန်း ဆိပ်ကမ်းများမှာ ပိတ်မိနေ
ဝယ်လက်အချို့က တက်ဈေးဖြင့် အရောင်းအဝယ် စာချုပ်အသစ် ချုပ်ရန် အသင့်ရှိနေပြီး အရောင်းအဝယ် စာချုပ်အဟောင်းကို အခွန်မပေးလိုသဖြင့် ဆိုင်းငံ့ထားလိုကြသည်။
အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များက အရောင်းအဝယ် စာချုပ်အသစ်များ ချုပ်ဆိုခြင်းကို လောလောဆယ်တွင် ရပ်ဆိုင်းထားကြသည်။
သို့ဖြစ်ရာ ဝယ်လက်များက ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ထံမှ ဆန်ဝယ်ယူဖို့ ကြိုးပမ်းကြရာ လွန်ခဲ့သည့် လေးရက်အတွင်း ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၂၀ ဝန်းကျင် ဈေးတက်သွားခဲ့ပါသည်။
သို့သော် ဈေးထပ်တက်ဦးမည့် အလားအလာ ကောင်းနေသဖြင့် အရောင်းအဝယ်စာချုပ် အလျင်စလို ချုပ်ဖို့ တွန့်ဆုတ်နေကြပါသည်။
"လာမည့်ရက်သတ္တပတ်များအတွင်း စျေးနှုန်းများ ပိုမိုမြင့်တက်လာမယ်လို့ ကျွန်ေတာ်တို့ မျှော်လင့်ထားပါတယ်" ဟု ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းစီတီးမှ ကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားပါသည်။
ဆန်ကွဲ ၅%ပါ ဗီယက်နမ်ဆန်ကို တနင်္လာနေ့(စက်တင်ဘာ ၁၂) တွင် တစ်တန်လျှင် ခေါ်ဈေး ကန်ဒေါ်လာ ၄၁၀ သို့ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် သီးတင်းပတ်တွင် ခေါ်ဈေး တစ်တန် $390-$393 ရှိခဲ့ရာမှ မြင့်တက်သွားခြင်း ဖြစ်သည်။
တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိကနိုင်ငံများဖြစ်သည့် ဆီနီဂေါ၊ ဘီနင်၊ နိုင်ဂျီးရီးယားနှင့် ဂါနာတို့သည် သာမန်အဆင့် ဆန်ကို အများဆုံးတင်သွင်းသည့် နိုင်ငံများ ဖြစ်သည်။
ပရီယီယံအဆင့် ဘာစမာတီ basmati ဆန်ကို အီရန်၊ အီရတ်နှင့် ဆော်ဒီအာရေဗျတို့ တင်သွင်းကြသည်။
Source Bangkokpost
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U