India



ဘာစမာတီဆန် ပြည်ပတင်ပို့မှု အိန္ဒိယ လျော့ကျ၊ ပါကစ္စတန် မြင့်တက်

ဘာစမာတီဆန် ပြည်ပတင်ပို့မှု အိန္ဒိယ လျော့ကျ၊  ပါကစ္စတန် မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယမှ ဘာစမာတီဆန် ပြည်ပတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ကျဆင်းဖွယ်ရှိကြောင်း၊ ပြိုင်ဘက်ပါကစ္စတန်သည် ဘာစမာတီဆန် ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာသည်။  ဘာစမာတီဆန်ကို ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများဖြင့် ဈေးခေါ်ပြီး ‌ရောင်းချနေသဖြင့် ယခုနှစ်တွင်  ဘာစမာတီဆန် ပြည်ပတင်ပို့မှု မြင့်တက်မည်ဟု ခန့်မှန်းထားကြသည်။

 

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အနံ့မွှေးခြင်းကြောင့် ကျော်ကြားသော ပရီမီယံဆန်ရှည်မျိုး ဘာစမာတီဆန်များကို ထိပ်တန်းတင်ပို့ရောင်းချသူများ ဖြစ်ပြီး အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့ထံ တင်ပို့လျက် ရှိသည်။ 

 

အိန္ဒိယမှ ဘာစမာတီဆန် တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၅ သန်း တင်ပို့ခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄.၉ သန်း တင်ပို့ခဲ့ပြီး ၂၀၂၀ ပြည့်နစ်စံချိန်ကို မီလုနီးပါး ဖြစ်ခဲ့သည်။ 

ဘာစမာတီဆန်သည် ဈေးမြင့်သဖြင့် ၂၀၂၃ ခုနှစ်တွင် ဘာစမာတီဆန် တင်ပို့မှု ပိုများခဲ့သည့်အလျောက် အိန္ဒိယနိုင်ငံ ဆန်တင်ပို့မှု စုစုပေါင်းတန်ဖိုး သိသိသာသာ မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၅.၄ ဘီလီယံသို့ ရောက်ရှိခဲ့သည်။

 

“ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်မှာ ဘာစမာတီဆန် အထွက် လျော့ကျခဲ့ပါတယ်။ ဝယ်လက်တွေက အသည်းအသန် ဝယ်ကြတဲ့အခါ ပါကစ္စတန်ထံမှ မရနိုင်တာကြောင့် အိန္ဒိယ ဘာစမာတီဆန်ကို ဝယ်ကြတယ်" ဟု အိန္ဒိယနိုင်ငံ ဟာယနပြည်နယ်အခြေစိုက် ဆန် ထိပ်တန်းတင်ပို့သူ Vijay Setia က ပြောကြားသည်။

 

ပါကစ္စတန်ဆန် စုစုပေါင်း တင်ပို့မှုသည် ၂၀၂၃/၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅ သန်းအထိ ခုန်တက်နိုင်ပြီး ယခင်နှစ်က တန်ချိန် ၃ ဒသမ ၇ သန်းထက် မြင့်တက်နိုင်ကြောင်း ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (REAP) ၏ ဥက္ကဋ္ဌ Chela Ram Kewlani က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

 

ပါကစ္စတန်ရူပီး တန်ဖိုး ကျဆင်းမှုကြောင့် ပါကစ္စတန်၏ ပို့ကုန်များ၏ ကန်ဒေါ်လာဖြင့် သတ်မှတ်သည့် ဈေးနှုန်းများ ဈေးသက်သာနေခြင်းက ဈေးနှုန်းအရ ယှဉ်ပြိုင်မှု အားသာချက်ကို ရရှိနေစေသည်။

အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှု လျော့ကျနေစဉ် ပြည်တွင်း ဘာစမာတီဆန် ထွက်ရှိမှုသည် ခန့်မှန်းခြေအားဖြင့် ၁၀% ပိုများသောကြောင့် အိန္ဒိယတွင် ဘာစမာတီဆန် ဈေးကျသည်။

 

အိန္ဒိယ ဘာစမာတီဆန် အများဆုံး ဝယ်ယူသည့် အီရန်သည် ၂၀၂၃ ခုနှစ်တွင် ဝယ်ယူသည့် ပမာဏ ၃၆% လျော့ကျခဲ့သော်လည်း အီရတ်၊ အိုမန်၊ ကာတာနှင့် ဆော်ဒီအာရေဗျတို့ ဝယ်ယူမှု ပမာဏ မြင့်တက်ခဲ့ခြင်းက ထေမိသွားခဲ့သည်။ 

 

အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှု ပမာဏ လျော့ကျစေသည့် အကြောင်းခံ တစ်ခုမှာ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အစိုးရက အနည်းဆုံး ပို့ကုန်ဈေးနှုန်း minimum export price (MEP) ကို ဘာစမာတီဆန် တင်ပို့မှုအပေါ် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ 

 

ဩဂုတ်လတွင် အိန္ဒိယသည် ဘာစမာတီဆန် တင်ပို့မှုအပေါ် တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၀၀ ဖြင့် 

MEP ကို သတ်မှတ်ခဲ့သည်။ ပေါက်ဈေးထက် ပိုမြင့်နေသဖြင့် အရောင်း အ,သွားစေခဲ့သည်။ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တင်ပို့မှု လျော့ကျသည်။ အောက်တိုဘာလတွင် MEP ကို တတန်လျှင် $950 ဟု လျှော့ချပြဋ္ဌာန်းပေးခဲ့သည်။

 

ပင်လယ်နီတွင် သင်္ဘောများကို ဟူသီစစ်သွေးကြွတို့က တိုက်ခိုက်နေသဖြင့် ပင်လယ်နီ-စူးအက်တူးမြောင်း ရေကြောင်းလမ်းကို သင်္ဘောများ ရှောင်ကွင်းကြရသဖြင့် သင်္ဘောပို့ဆောင်ခများ မြင့်တက်သွားသည်။ ဝယ်လက်များက အခြေအနေကို စောင့်ကြည့်လိုသဖြင့် အိန္ဒိယ ဘာစမာတီဆန်ကို အဝယ်ဆိုင်းငံ့ထားကြသဖြင့် ဇန်နဝါရီလတွင် အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှု လျော့ကျသွားခဲ့ပြန်သည်။

 

ဝယ်လက်များထံ၌ ယခင်က အလောတကြီး ဝယ်ယူထားသည့် ဘာစမာတီဆန် လက်ကျန်များ ပိုပိုလျှံလျှံ ကျန်ရှိနေသဖြင့် အလျင်စလို ဝယ်ယူခြင်း မပြုကြချေ။ အိန္ဒိယ ဘာစမာတီဆန်ကို ဈေးပိုပေးပြီး ဝယ်သူ လျော့နည်းနေပါသည်။

 

Source brecorder 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)