Myanmar
သက်သတ်လွတ် အာလူးကြွပ်ချဉ်ငံစပ်သုပ်
အာလူးကို လူတိုင်းက ပုံစံအမျိုးမျိုးနဲ့လုပ်စားကြပါတယ်။ ဒီကနေ့တော့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့
အာလူးကြွပ်ချဉ်ငံစပ်သုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ ပဲကြာဇံ၊ ကြက်သွန်ဖြူ၊ ပူစီနံရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီမွှေး၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး အာလူးကိုအမျှင်ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပြီးရေစိမ်ထားပါ။
အမျှင်သေးလျှင် ပိုကြွပ်ပြီးစားကောင်းပါတယ်။
ပြီးလျှင် ရေကိုပွက်ပွက်ဆူနေအောင်အရင်တည်ပါ။ ရေပွက်ပြီဆိုရင် မီးပိတ်လိုက်ပါ။
မီးပိတ်ပြီးမှ အာလူးမျှင်ကို ထည့်ပြီးမွှေလိုက်ပါ။
ပြီးနောက် ချက်ချင်းပြန်ဆယ်လိုက်ပြီး ရေခဲရေထဲထည့်စိမ်ထားပါ။ မိနစ်အနည်းငယ်ခန့်လောက်စိမ်ပြီးရင် အာလူးကိုရေဆစ်ထားပါ။ ရေခဲရေစိမ်မှ အာလူးမျှင်ကကြွပ်ကြွပ်လေးဖြစ်မှာပါ။
ပဲကြာဇံကို နူးအောင် ရေနွေးအိုးထဲထည့်ပြီး ပြန်ဆယ်၍ ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းထားပါ။ ပူစီနံရွက်ကိုထွင်ပြီး လှီးဖြတ်ထားပါ။
ပြီးရင်တော့ ပဲကြာဇံအနည်းငယ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီမွှေး၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ရေ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ဇလုံတစ်လုံးထည့်ပြီး ဖျော်၍ ရောနယ်ပေးပါ။
နောက်ဆုံး အာလူးမျှင်ကို ထည့်လိုက်ပြီး ရော၍ မွှေလိုက်ရင်တော့ အရသာရှိတဲ့ အာလူးကြွပ်ချဉ်ငံစပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
Read More >>>>>> ကိုရီယားစတိုင်လ် ၀က်သားကင်