Myanmar
အညာဒေသအစားအစာ နွားနို့ခဲနဲ့ ခရမ်းချဉ်သီးချက်
နွားနို့ခဲဆိုတာ အထက်အညာဒေသက အညာသူ အညာသားတွေ နှစ်ခြိုက်စွာစားသုံးကြတဲ့ အညာစာတစ်မျိုးပါ။ အညာဘက်မှာက နွားမွေး၊ ဆိတ်မွေးသူတွေ များကြတော့ နွားနို့၊ ဆိတ်နို့တွေ လှိုင်လှိုင်ပေါပါတယ်။
နွားနို့ကိုစားသုံးရာမှာ ကျို ပြီး နို့အေး၊ နို့ပူ အဖြစ်လည်းကောင်း၊ လက်ဖက်ရည်၊ ကော်ဖီများတွင် ဖျော် ၍လည်းကောင်း၊ သောက်သုံးကြသလို နို့ဆီ၊ နို့ခဲ၊ ထောပတ်၊ဒိန်ချဉ် အဖြစ်လည်း ဖန်တီးကြပြီး အမျိုးမျိုး စားသုံးကြပါတယ်။
ဒီအထဲမှာ ထူးခြားတာကတော့ အထက်အညာဒေသဘက်မှာက နွားနို့ကို မရိုးစေးနဲ့ခဲပြီး လုပ်ရတဲ့ နို့ခဲကို ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နှစ်နှစ်သက်သက် စားသုံးကြတဲ့ ဓလေ့ပါ။
နွားနို့ကျိုရာမှာ မရိုးပင်ကရတဲ့ မရိုးစေးနည်းနည်းထည့် ကာပွတ်ပွတ်ဆူအောင်ကြိုပြီး အအေးခံလိုက်ရင် နို့ခဲရတယ်လို့ ဆိုပါတယ်။
နွားနို့အစိမ်းက အချိန်လွန်သွားရင် အလိုလို ချဉ်သွားပေမဲ့ နို့ခဲကတော့ ရက်အတော်ကြာထားပြီး စားနိုင်လို့ အထားခံတယ်လို့ ဆိုရမှာပါ။
နို့ခဲကို တချို့က ကြော်ပြီးပီး သကြားဖြူးကာ သရေစာအဖြစ် မြည်းကြသလို တချို့ကလည်း ဝါးခြမ်းနဲ့ ညှပ်ကာ မီးမှာကင်လို့ နို့ကင်အဖြစ် စားသုံးကြပါတယ်။
အများအားဖြင့်ကတော့ ဟင်းတစ်မယ် အဖြစ် ကြော်ချက်စားရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်၊၊ နို့ခဲဟင်းလျာမှာ နာမည်ကြီးတာက ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်လေ့ရှိတဲ့ နို့ခဲဟင်းပါ။
ချက်နည်းကတော့ နို့ခဲကို မထူမပါး လက်တစ်လုံးအရွယ်လေးတွေတုံးပါ။ ပြီးလျှင် ငရုတ် ကြက်သွန် ဖြူ နီ ရောပြီး ထောင်းထားတဲ့ အရောကို ဆီဒယ်အိုးထဲမှာ ဆီသတ်ပါ။ ငရုတ်ကြက်သွန် ဖြူ၊ ကြက်သွန်နီ အရော ဒယ်အိုးထဲမှာ ရွှေရောင်သန်းလာရင် စိတ်ထားတဲ့ ခရမ်းချဉ်သီး၊ ဆား၊ နနွင်းတို့ထည့် နှံ့အောင်မွှေပြီး အဖုံးအုပ်ပါ။
ခရမ်းချဉ်သီး သုံးရာမှာ အညာဘက်မှာတော့ အချဉ်အရသာစူးတဲ့ အနားတွန့် ကိုင်း ခရမ်းချဉ်သီးကို ပိုပြီးကြိုက်ကြပါတယ်။
ဆီဒယ်အိုးထဲမှာ ဆီပြန်လာရင် ရေအနည်းငယ်ထည့်လို့ ခရမ်းချဉ်သီး ကြေပြီး အနှစ်ရအောင်ချက်ပါမယ်။ ပြီးရင် နို့ခဲတုံးလေးများထည့်ကာ နှံ့အောင်မွှေ၊ ဆူသံပေးပြီး ဆီပြန်လာပါက အပေါ့အငန် မြည်း အသင့်ခွဲထားသော ငရုပ်သီးစိမ်းတောင့်များထည့် နံနံပင်အုပ်ကာ မီးဖိုမှချလိုက်ပါ။
ပြီးရင်တော့အနံအရသာထူးတဲ့ အညာဒေသအစားအစာ နို့ခဲ ခရမ်းချဉ်သီးဟင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။