Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ်အရသာနဲ့ ငါးခေါင်းဟင်းရည်

ချဉ်ငံစပ်အရသာနဲ့ ငါးခေါင်းဟင်းရည်ကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင် လုပ်ရတာလည်း လွယ်ကူ၊ အရသာကလည်း ချဉ်ငံစပ်အရသာလေးနဲ့ဆိုတော့ ထမင်းမြိန်မှာသေချာပါတယ်။

အောက်တွင် ချဉ်ငံစပ်အရသာနဲ့ ငါးခေါင်းဟင်းရည် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးခေါင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ခရမ်းချဉ်သီး၊ ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံး၊ မျှစ်ချဉ်၊ ရှမ်းနံနံ၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးခေါင်းကို အနေတော်အရွယ်ပိုင်း၍ ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းတို့ဖြင့်နယ်ပါ။

 

ပြီးလျှင် ကြက်သွန်အနီ၊ ကြက်သွန်အဖြူနှင့် ချင်းကိုအခွံနွှာရေဆေးကာ မညက်တညက်ထောင်းပါ။

 

ပြီးနောက် စပါးလင်ကို ရင့်တဲ့အပိုင်းများဖယ်ပါ။ ပြီးလျှင်ရေဆေး၍ စပါးလင်ကိုထုချေပြီး အထုံးလေးဖြစ်အောင် ထုံးထားပါ။

 

ခရမ်းချဉ်သီးကိုရေဆေး၍ လေးစိတ်စိတ်ပါ။ ပဲပြားကိုလည်း အနေတော်လေးထောင့်အတုံးလေးတွေ တုံးထားပါ။ ပြီးလျှင်ငုံးဥကိုကျက်အောင်ပြုတ်ပြီး အခွံခွာထားပါ။

 

ငါးဖယ်လုံးအတွက်ငါးဖယ်ခြစ်ပြီးသားကိုဆား၊ နနွင်းဖြင့်စေးအောင်နယ်ပြီး ငုံးဥအရွယ်ခန့်လုံးထားပါ။ မျှစ်ချဉ်ကိုသင့်တော်သလို လှီးပါ။

 

ရှမ်းနံနံကိုရေဆေးကာ လက်နှစ်ဆစ်ခန့်ဖြတ်ထားပြီး ငရုတ်သီးစိမ်းကို အညှာချွေ၊ ရေဆေး၍ ထက်ခြမ်း ခြမ်းပါ။

 

ငါးခေါင်းဟင်းရည်ချက်ဖို့ လိုအပ်တာတွေပြင်ဆင်ပြီးရင် ဟင်းချက်မည့် ဒယ်အိုးထဲတွင်ဆီထည့်ပါ။

 

ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်အနှစ်နဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ဆီသပ်ပါ။

 

ကြက်သွန်များ ရွှေဝါရောင်သမ်းစပြုပြီး အနံ့လေးမွှေးလာရင်ခရမ်းချဉ်သီး၊ မျှစ်ချဉ်နဲ့ စပါးလင်ကိုထည့်မွှေပါ။

 

ပြီးလျှင် ငါးခေါင်းနှင့် ဆား၊ သကြား၊ ငံပြာရည်တို့ကိုထည့်၍ သမအောင်မွှေပြီးရင် ရေကိုမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပါ။

 

ဟင်းရည်ဆူလာရင် ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံးနဲ့ ငရုတ်သီးစိမ်းများ ထည့်လိုက်ပါ။ ငါးခေါင်းဟင်းရည် အချိုရည်ကျအောင် ပွက်ပွက်ဆူပြီး မိနစ်နှစ်ဆယ်ခန့် ဆက်တည်ပေးထားပါ။

 

ပြီးလျှင်အရသာမြည်းကာ ဟင်းအိုးချကာနီးတွင် ရှမ်းနံနံကို ထည့်လိုက်ပါ။ နောက်ဆုံးတွင်တော့ ချဉ်ငံစပ် အရသာနဲ့ ရှမ်းနံနံနှင့် စပါးလင်ရနံ့လေး မွှေးနေတဲ့ ငါးခေါင်းဟင်းရည်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)