Myanmar
သက်သတ်လွတ် ကြွက်နားရွက်မှို ကော်ပြန့်ကြော်
အစားအသောက်ကို ဆန်းဆန်းပြားပြား စားချင်သူများအတွက် သက်သတ်လွတ် ကြွက်နားရွက်မှို ကော်ပြန့်လိပ်ကြော်လေး ပြုလုပ်နည်းအကြောင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကော်ပြန့်ရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တရုတ်မုန်ညှင်း၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြွက်နားရွက်မှို၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အပြစ်၊ ငရုတ်ကောင်းမှုန့်၊ ဂျုံမှုန့်၊ နှမ်းဆီ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သွန်ဖြူကို အခွံခွာပြီး ဓားပြားရိုက်ထားပါ။ ပြီးလျှင် ကြက်သွန်နီကိုလည်း အခွံခွာပြီး နုတ်နုတ်လှီးထားပါ။
ပြီးနောက် တရုတ်မုန်ညှင်းကိုလည်း ရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။ ကြက်သွန်မြိတ်ကိုလည်း ရေဆေးပြီး လက်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။
ပြီးလျှင် ဂေါ်ဖီကိုလည်း ရေဆေးပြီး လှီးထားပါ။ မုန်လာဥနီကိုလည်း ရေဆေးပြီး အရှည်အမြောင်းကလေးဖြစ်အောင် လှီးဖြတ်ထားပါ။
ကြွက်နားရွက်မှိုကိုလည်း ရေစိမ်ပြီး အနေတော်လှီးဖြတ်ထားပါ။
ကော်ပြန့်လိပ်အထဲမှ အဆာအတွက် ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်မွှေးလာအောင်ကြော်ပေးပါ။
ပြီးလျှင် ကြက်သွန်နီကိုနဲနဲနွမ်းအောင်ကြော်ပေးပါ။
Read More >>>>> ထမင်းမြိန်စေမယ့် မုန်လာဥ အစိမ်းသုပ်
ပြီးနောက် ကြက်သွန် နီနွမ်းလာတာနဲ့ ကြွက်နားရွက်မှို ကို တစ်မိနစ်ခန့်ထည့်ကြော်ပေးပါ။
ပြီးလျှင် လှီးထားသော အရွက်များထဲမှ တရုတ်နံနံနှင့် ကြက်သွန်မိတ်ကိုချန်ထားပြီး ဆား၊ ဟင်းခတ်မှုန့်တို့ထည့်၍ အရွက်များနွမ်းအောင်ကြော်ပေးပါ။
အရွက်အားလုံးနွမ်းလာတာနဲ့ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီတို့ထည့်မွှေပြီး တစ်မိနစ်ခန့်ကြော်ပြီး မိတ်ပိတ်ထားပါ။
ကော်ပြန့်လိပ်ပြုလုပ်ဖို့အတွက် ကြော်ထားသော အစာကို အအေးခံပြီး ရေစစ်ထားပေးပါ။
ပြီးလျှင် ကော်ပြန့်ရွက်ကို ထောင့်ချွန်းခင်းပြီး အောက်နားမှာ အစာကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ပုံပေးပါ။
ပြီးနောက် အစာအောက်ဖက်မှအစကို စပြီးလိပ်ပေးကာ ဘေးနှစ်ဖက်ကိုပါ ခေါက်ပေးပြီး ဆက်လိပ်ပေးပါ။
ပြီးလျှင် လိပ်လာသောအစဆုံးကာနီးပါက ဂျုံမှုန့်ဖျော်ထားသော အရည်နှင့် အနားစကိုကပ်ပြီး ဆက်လိပ်ပေးပါ။
ပြီးနောက် ကော်ပြန့်လိပ်များ လိပ်လို့ပြီးပါက ဆီကို ဒယ်အိုးထဲသို့ထည့်ပြီး မီးအပူပေးပါ။
ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး ကော်ပြန့်လိပ်ကို တစ်လိပ်ခြင်းထည့်ကြော်ပေးပါ။
ကော်ပြန့်လိပ် တစ်လိပ်လုံးရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးထားပါ။
ပြီးရင်တော့ သက်သတ်လွတ်ကော်ပြန့်လိပ်လေးကို အသင့်သုံးဆောင်နိုင်ပါပြီ။