Myanmar
တိုင်းရင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ ကြက်ကချင်ချက်နည်း
တိုင်းရင်းသားအစားအစာဟင်းတခွက်ဖြစ်သည့် ကြက်ကချင်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ မျှစ်ချဉ်၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ဆား၊ ကြက်သားမှုန့်၊ ဆီ၊ ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက်တို့ လိုအပ်မှာဖြစ်ပါတယ်။
ပထမဆုံး ကြက်သားကို သန့်စင်အောင်ရေဆေးပြီး အရွယ်တော်အတုံးကလေးများ တုံးထားပါ။ ပြီးလျှင် ကြက်သားကို ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်းတို့ ရောထောင်းထားတာကိုလည်း ကြက်သားနှင့် သမအောင်ရောမွှေပေးထားပြီး နှပ်ထားပါ။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက်တို့ကို စက်ဖြင့် ညက်အောင် ကြိတ်ပေးပါ။
ကြက်သားဟင်းထဲထည့်မည့် ချဉ်စော်ခါးသီးခြောက်များကို မိနစ်အနည်းငယ်ခန့် ရေစိမ်ထားပေးပါ။
ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့်နှင့် နှပ်ထားသော ကြက်သားများကို ထည့်ကာ ရောမွှေပေးပါ။
ပြီးမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ ကြက်သားမှုန့်ထည့်ကာ ရေအနည်းငယ်ထည့်ပြီးလျှင် အဖုံးအုပ်ပြီး ကြက်သားကျက်သည်အထိ တည်ထားပေးပါ။
ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။ ပြီးလျှင်မျှစ်ချဉ်ထည့်၍ နောက်ထပ် အနည်းငယ် တည်ထားပေးပါ။ ကြက်သားမာနေသေးလျှင် ရေထပ်ထည့်ပြီး တည်ထားပေးပါ။
ကြက်သားပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပြီး အပေါ့အငန် အနေတော်ဖြစ်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီးပြီဆိုလျှင် မီးဖိုပေါ်မှချနိုင်ပါပြီ။ နောက်ဆုံးတွင် အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။



