Myanmar
ထမနဲပြုလုပ်နည်း
ထမနဲကို တပို့တွဲလရောက်တိုင်း အချို့ အိမ်များတွင် အလှူလုပ်လေ့ရှိပါတယ်။ ယနေ့ တပို့တွဲလပြည့်နေ့ဆိုတော့ ထမနဲကို လွယ်ကူပြီး အချိန်အကြာကြီး ထိုးစရာမလိုပဲ စားလို့ ကောင်းတဲ့ ထမနဲ ထိုးနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများကတော့ ကောက်ညှင်းအမည်း (သို့ ) အဖြူ၊ နှမ်းအဖြူ (သို့) နှမ်းမည်း၊ အုန်းသီးအဖတ်၊ မြေပဲ၊ ချင်း၊ ဆီ၊ ဆား တို့ လိုအပ်ပါမယ်။
-
ပထမဦးဆုံး ချင်းကို အချောင်းလေးများဖြစ်အောင် လှီးထားပါ။ မြေပဲ တစ်ဝက်ကို ထောင်းထားပါ။ နောက်ထပ် မြေပဲ တစ်ဝက်ကို အလုံးကွဲရုံပဲ ထောင်းပါ။
ပြီးနောက် ကောက်ညှင်းအဖြူကို ပေါင်းအိုးထဲမှာထည့် ရေထည့်ထားပြီး ထမင်းချက်တဲ့ အတိုင်းထည့်ချက်ပါ။
ပြီးနောက် ကောက်ညှင်းကျက်လျှင် ၁၅ မိနစ် ခန့် အဖုံးမဖွင့်ပဲ နှပ်ထားပါ။
ပြီးလျှင် ထမနဲ ထိုးမည့် ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီကျက်လာလျှင် အုံးသီးဖတ်များထည့်ကြော်ပါ။
ပြီးနောက် အုန်းသီးကို အနီရောင် သန်းလာလျှင် အုံးသီးဖတ်များကို ဆယ်ထားပါ။
ပြီးလျှင် အုံးသီးဖတ်ကြော်ထားသော ဆီထဲကို ချင်း ထည့်ပါ။ ချင်း အနံ့မွှေးလာလျှင် ချက်ထားသော ကောက်ညှင်းများကို ထည့်ပါ။
ပြီးနောက် ထမင်းအိုးထဲမှာ ရေအနည်းငယ် ကျန်နေခဲ့ လျှင် အဲရေကိုပါထည့်၍လုံးပါ။ ပြီးလျှင် ဆားထည့်ပါ။
ငါးမိနစ်လောက် လုံးပြီးလျှင် အနည်းငယ် ညက်အောင်ထောင်းထားသော မြေပဲများကိုထည့်ပါ။ မိနစ် နှစ်ဆယ်ခန့်အကြာ ရေခြောက်ပြီး ကောက်ညှင်းများ လုံးလာလျှင် ဆီပြန်လာသည်အထိ ထိုးပါ။
ရေခြောက်ပြီး ကောက်ညှင်းများလုံးလာလျှင် နှမ်း၊ အလုံးကွဲရုံထောင်းထားသောမြေပဲနှင့် ကြော်ထားသော အုံးသီးဖတ် တစ်ဝက်ကို ထည့်၍ မွှေပေးပါ။ ပြီးနောက် အကုန်နှံ့ပြီဆိုလျှင် မီးဖိုပေါ်မှ ချပါ။
နောက်ဆုံးမှ ပန်းကန်ထဲတွင်ထမနဲကိုထည့် ချန်ထားသော အုံးသီးဖတ်ကြော်ကို အပေါ်က ဖြူးပြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



