Myanmar
သက်သတ်လွတ် ကိုင်းခရမ်းချဉ်သီးနှင့် ကြက်သွန်ဖူးချက်
လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး ထမင်းစားမြိန်စေမယ့် ကိုင်းခရမ်းချဉ်သီးနှင့် ကြက်သွန်ဖူးချက် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကိုင်းခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီဖူး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။
ပြီးလျှင် ကိုင်းခရမ်းချဉ်သီးရဲ့အစေ့ကိုတစ်ဝက်ခန့်ညှစ်ထုတ်ပြီး ခပ်ကြမ်းကြမ်းလှီးပါ။
ပြီးနောက် ကြက်သွန်ဖူးကို အရွယ်တော် ပိုင်းဖြတ်ပါ။
ပြီးလျှင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။ နံနံပင်ကိုရေဆေးသန့်စင်ရေဆေးထားပါ။
ပြီးနောက် ဒယ်အိုးထဲသို့ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထည့်လိုက်ပါ။
ပြီးလျှင် ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်တို့ကို အနည်းငယ်စီထည့်ပါ။
ပြီးနောက် လှီးထားတဲ့ ကိုင်းခရမ်းချဉ်သီးတွေကို အပေါ်ကအုပ်ထည့်ပြီး မီးခပ်အေးအေးမှာ အဖုံးအုပ်ပြီးချက်ပါ။
ပြီးလျှင် ခရမ်းချဉ်သီးတွေ အနှစ်ကျပြီး ရေခမ်းဆီပြန်ပါမှ အဖုံးဖွင့်ပြီး မွှေပေးပါ။
ပြီးတော့မှ ကြက်သွန်ဖူး၊ ငရုတ်သီးစိမ်းခြမ်းတောင့်တွေထည့်ပြီး ရေအနည်းငယ်လေးထည့်ကာ ပြန်၍ အဖုံးပိတ်ပြီး ဆီပြန်လာသည်အထိချက်ပေးထားပါ။
နောက်ဆုံး မီးဖိုပေါ်မှချခါနီးမှာ နံနံပင်လေးအုပ်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



