Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် ကြက်သွန်နှင့် ပတ်သက်သည့် မူဝါဒခိုင်မာမှု မရှိပါက ကြက်သွန်စိုက် တောင်သူများ လျော့နည်းလာနိုင်

ပြည်တွင်း ကြက်သွန်ဈေးကွက်အတွင်း တရုတ်ကြက်သွန်ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ခိုင်မာသည့် မူဝါဒမရှိပါက ကြက်သွန် စိုက်တောင်သူများ

လျော့နည်းလာနိုင်ကြောင်း ကြက်သွန်စိုက်ပျိုးသူနှင့် ကုန်သည် များ၏ ပြောကြား ချက်အရ သိရသည်။

 

''တရုတ်ကြက်သွန်ကို ပြည်တွင်းမှာ သုံးစွဲမှုမရှိသလောက်နည်းတယ်။ တရုတ်ကြက်သွန်ရဲ့ အရည်အသွေးက မကောင်းဘူး။ ဒါပေမဲ့ တရုတ်ကြက်သွန်ဝင်လာတဲ့အတွက် ပြည်တွင်းကြက်သွန်ဈေးကွက်ကို ထိခိုက်တယ်။ အရင်ဆုံး ထိခိုက်တာက ကြက်သွန် စိုက်တောင်သူတွေပဲ။ ကြက်သွန်စိုက်တောင်သူတွေက သုံး၊ လေးနှစ် အရှုံး ဆက်တိုက် ပေါ်နေရင် သူတို့အနေနဲ့ စိုက်ကြ တော့မှာမဟုတ်ဘူး။ တိတိကျကျကောက်ယူ ထားတဲ့စစ်တမ်းမရှိ လို့သာ စိုက်ပျိုးတဲ့ တောင်သူ ဘယ်လောက်လျော့နည်းသွားတယ်ဆိုတာ မပြောနိုင်တာ သေချာတာက တော့ အခုတောင် ကြက်သွန်စိုက်တောင်သူ အတော်နည်းလာပြီ'' ဟု မြစ်သားမြို့မှ ကြက်သွန်ကုန်သည် ဦးစန်းမောင်က ပြောသည်။

 

တရုတ်ကြက်သွန်မှာ နှစ်စဉ်ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်နေသည့်အတွက်နောင်တွင် ဈေးကွက်ရရှိပါက ပြည်တွင်း ကြက်သွန်စိုက်တောင်သူများ ထိခိုက်နိုင် သည့်အတွက် တာဝန်ရှိသူများကို မူဝါဒ ချမှတ်ပေးရန် တင်ပြသော် လည်း ထူးခြား မှုမရှိကြောင်း သိရသည်။

 

''အခုဆိုရင် တရုတ်က သူတို့ကြက်သွန်တွေ ပြည်တွင်းမှာ ဈေးကွက်မရရအောင် မြန်မာကြက်သွန်မျိုးကိုပါယူပြီး သူတို့ဆီမှာ စမ်းစိုက်နေကြပြီ။ တကယ်လို့ စမ်းစိုက်တာ အောင်မြင်သွားရင် ပြည်တွင်းကတောင်သူ တွေကို ထိခိုက် နိုင်တယ်။ ဒါတွေကိုတားဆီးဖို့ ကြက်သွန်နဲ့ပတ်သက်တဲ့ မူဝါဒတစ်ခုချမှတ်ပေးဖို့လိုနေပြီ'' ဟု သာစည်မြို့ရှိ ကြက်သွန် ကုန်သည် ဦးမျိုးဝင်းကပြောသည်။

 

ကြက်သွန်ဈေးကောင်းသည့် အချိန်တိုင်း ပြည်တွင်းသို့ တရုတ်ကြက်သွန်များ ဝင်ရောက်လေ့ရှိသော်လည်း တရုတ်ကြက် သွန်မှာ ရေရှည်အထားမခံသဖြင့် သုံးစွဲသူမရှိ သလောက်နည်းသည်။

 

''ကျွန်တော်တို့က ကြက်သွန်ကို ဘိုးစဉ် ဘောင်ဆက်စိုက်စားလာကြတာ။ အဲဒီကနေ တခြားသီးနှံပြောင်း စိုက်တာ မျိုးကျတော့ အဆင်မပြေဘူး။ ကြက်သွန်ပဲစိုက်တတ်တယ်။ ကြက်သွန်စိုက်လို့ အမြတ်ရတဲ့နှစ်တွေမရှိ ခဲ့တာ တော်တော်ကြာနေပါပြီ။ ကြက်သွန် ဈေးကောင်းတော့လည်းခဏပဲ။ တရုတ်ကဝင်လာတဲ့ ကြက်သွန်တွေနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာကတော့ တာဝန်ရှိသူ တွေ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က နှစ်တိုင်းလိုလို အရှုံးပြ လာရင်တော့ လုပ်ငန်း ကိုရပ်တန့်ဖို့ပဲရှိတော့တယ်''ဟု မြစ်သားမြို့မှ ကြက်သွန်စိုက်တောင်သူ ဦးခိုင်မင်းက ပြောသည်။

 

ကြက်သွန်စိုက်တောင်သူများ အဆင်ပြေ စေရန် တရုတ်ကြက်သွန်များ တင်သွင်းနေမှု အပေါ်အခွန်တိုးမြှင့် ကောက်ခံခြင်း သို့မဟုတ် တင်းတင်းကျပ်ကျပ်တားမြစ်ခြင်း သို့မဟုတ် ပြည်တွင်းကြက်သွန်ဈေးကို တောင်သူများ အဆင်ပြေစေနိုင်မည့် ဈေးနှုန်းတစ်ခု ပုံသေသတ်မှတ်ပေးရန်လိုအပ်ကြောင်း ကုန်သည်များက သုံးသပ်ကြကြောင်း သိရသည်။

Source: Myawady

 

Read times
Rate this item
(1 Vote)