Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အပူလှိုင်းနှင့် မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံအထွက်နှုန်း ကျဆင်းမှုမရှိစေရေး တရုတ်နိုင်ငံက အလေးထားဆောင်ရွက်နေ

တရုတ်နိုင်ငံသည် အပူလှိုင်းကျရောက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး နိုင်ငံ၏ ဆောင်းဦးရာသီ ကောက်ပဲသီးနှံများရိတ်သိမ်းမှု

တွင်စိန်ခေါ်မှုများရှိနေသဖြင့် ဖြစ်ပေါ်လာနိုင်သည့် သီးနှံပျက်စီးဆုံးရှုံးမှုများကို ဖြေရှင်းနိုင်ရန် သီးနှံအဓိကထွက်ရှိသော တောင်ပိုင်းဒေသအချို့သို့ ကျွမ်းကျင်သူအဖွဲ့များ စေလွှတ်ထားရသည်ဟု သိရပါသည်။

 

 Wun Yan Kha

 

ပြီးခဲ့သည့်လမှစတင်၍ တရုတ်နိုင်ငံတောင်ပိုင်း၏ ဒေသအများစုတွင် အပူလှိုင်းများ ကျရောက်ခဲ့ပြီး မိုးရေသီးသန့်ဖြင့် ရေသွင်းစိုက်ပျိုးသည့် တောင်ကုန်းများတွင် ကာလကြာရှည် မိုးခေါင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ သိရသည်။

 

 

တရုတ်နိုင်ငံ မိုးလေဝသစီမံခန့်ခွဲရေးမှ လာမည့်နှစ်ပတ်အတွက် ခြောက်သွေ့ဦးမည်ဟု ခန့်မှန်းချက်အရ ဝန်ကြီးဌာနက စပါးအဓိကထွက်ရှိသော ပြည်နယ်များသို့ ကျွမ်းကျင်ပညာရှင် အဖွဲ့ ၁၀ ဖွဲ့နှင့် နည်းပညာရှင်များ ပါဝင်သည့် ပံ့ပိုးကူညီပေးမည့်အဖွဲ့ ၁၂ ဖွဲ့ကို စေလွှတ်ထားပါသည်။ မိုးခေါင်ရေရှား ပျက်စီးဆုံးရှုံးမှုမှ ဆိုးကျိုးသက်ရောက်မှုများကို သက်သာစေရန်နှင့် ကောက်ပဲသီးနှံဆုံးရှုံးမှုကို ရှောင်ရှားရန် အရေးပေါ်လမ်းညွှန်ချက်တစ်စောင်ကိုလည်း ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

 

ကောက်ပဲသီးနှံများမှာ အပူချိန်နှင့် အစိုဓာတ် အပြောင်းအလဲများကို အထိခိုက်မခံတတ်သောကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် လက်ရှိစပါးသီးချိန်နှင့် အပွင့်ပွင့်ချိန်မှာ စုစုပေါင်း ထုတ်လုပ်မှုအတွက် အရေးကြီးသော အချိန်ဖြစ်နေပါသည်။ မြင့်မားသောအပူချိန်နှင့် မိုးခေါင်မှုက အပင်များ၏ ရင့်မှည့်မှုနှုန်းကို ထိခိုက်စေသောကြောင့် ပညာရှင်များသည် မတူညီသော ဒေသများအလိုက်

 

 

အစီအစဉ်များ ပြုလုပ်ရန်လိုအပ်ကြောင်း၊ အပူဒဏ်မှ ခံနိုင်ရည်ပိုမိုရှိစေရန် စပါးအတွက် ရေပုံမှန်ပေးခြင်းနှင့် မြေသြဇာဖြန်းပေးခြင်းစသည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် ဝတ်မှုန်များ ကြွေလွင့်ခြင်းမှ ကာကွယ်နိုင်ကြောင်း အရေးပေါ်လမ်းညွှန်ချက်တွင် ဖော်ပြထားပါသည်။

 

 

ဟူနန်ပြည်နယ် မြို့တော်ကျန်းရှရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနမှ တာဝန်ရှိသူ Xia Liming က တရုတ်နိုင်ငံအတွင်းရှိ အဓိက ဆန်စပါးထွက်ရှိရာ ဒေသများတွင် မိုးခေါင်ရေရှား မှုကို တိုက်ဖျက်မည့် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လျက်ရှိပါသည်။ ၎င်း၏ပြောကြားချက်အရ အပူချိန် ထိန်းညှိရန် ရေကိုအသုံးပြုခြင်းမှာ အပူဒဏ်ကိုကာကွယ်နိုင်ပြီး လယ်မြေများရှိ ရာသီဥတုဝန်းကျင်ကို

 

 

တိုးတက်စေကြောင်း၊ ရေအရင်းအမြစ် အလုံအလောက်ရှိသော ဒေသများတွင် နေ့ဘက်တွင် ရေသွင်းခြင်းနှင့် ညအချိန်တွင် ရေထုတ်ပေးခြင်းက လယ်အပူချိန်ကို လျော့နည်းစေကြောင်း၊ ထို့အပြင် နေ့လယ်အချိန်တွင် အပင်ကာကွယ်ရေး ဒရုန်းများဖြင့် ပုံမှန်ဖြန်းပေးခြင်းသည် လယ်ကွင်း၏ စိုထိုင်းဆကို တိုးစေပြီး စပါးပင်များ၏ အပူချိန်ကို လျှော့ချနိုင်ကာ မိုးခေါင်မှုနှင့် အပူလှိုင်းများ၏ သက်ရောက်မှုများကို သက်သာစေနိုင်ကြောင်း၊ သိပ္ပံနည်းကျ မျိုးစပ်ထားသည့် စပါးကလည်း မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိစေကြောင်း၊ အပူလှိုင်းကျရောက်ခြင်းနှင့် မိုးခေါင်ခြင်းတို့က အပင်ရောဂါများကို ဖြစ်ပွားစေနိုင်သောကြောင့် အေးသောအချိန်များတွင် ပိုးသတ်ဆေးကို ရေများများဖြင့်ရောစပ်၍ ဖြန်းပေးခြင်းက ပိုးမွှားများကို ကာကွယ်ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေကြောင်း ၎င်းက ဆိုသည်။

 

 

သီးနှံများ ကြီးထွားမှုအပေါ် ဂရုတစိုက် ဆက်လက်စောင့်ကြည့်ကာ၊ အပူရှိန်ပြောင်းလဲမှု ကြိုတင်သတိပေးချက်များနှင့် စောင့်ကြည့်ထိန်းကျောင်းနိုင်မှုများကိုလည်း အားကောင်းခိုင်မာစေရန် အစိုးရက ဒေသအာဏာပိုင်များအား တိုက်တွန်းထားသည်။ မြေဆီလွှာအစိုဓာတ်ကို အနီးကပ်စောင့်ကြည့်ခြင်းမှာလည်း အပူဒဏ်နှင့် မိုးခေါင်မှုဒဏ်တို့၏ အကျိုးသက်ရောက်မှုကို သိပ္ပံနည်းကျအကဲဖြတ်ရာတွင် သိပ္ပံပညာရှင်များအား အထောက်အကူဖြစ်စေနိုင်သည်ဟု ဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

 

မိုးခေါင်မှုကြောင့် စပါးရိတ်သိမ်းမှု အဆင်မပြေသည့် ဒေသများသို့ မျိုးစေ့နှင့် ဓာတ်မြေသြ ဇာများကဲ့သို့သော ကယ်ဆယ်ရေးပစ္စည်းများ ချထားပေးရန် ဒေသအာဏာပိုင်များကို ဝန်ကြီးဌာနက တိုက်တွန်းထားပြီး ကြီးထွားမှုတိုတောင်းသော စက်ဝန်းရှိသည့် သီးနှံများပြောင်းလဲစိုက်ပျိုးရန် တောင်သူများကို လမ်းညွှန်ထားပါသည်။

 

 

ယခုနှစ်တွင် ဆောင်းဦးရာသီစိုက် ကောက်ပဲသီးနှံဧရိယာများအနက် ပြောင်း၊ စပါးနှင့် ပဲပုပ် တို့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ယခင်နှစ်နှင့် တူညီကြောင်း၊ အရေးကြီးသော ကာလဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ကောက်ပဲသီးနှံထုတ်လုပ်မှု၌ သဘာဝဘေးဒဏ်နှင့် အပင်ရောဂါများ၏ အကျိုးသက်ရောက်မှုကို အနီးကပ် အထူးဂရုပြုရန် လိုအပ်ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ Fu Linghui က ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

 

ဩဂုတ်လ ၁၂ ရက်နေ့အထိ ကာလအတွင်း အန်းဝေပြည်နယ်က မိုးခေါင်ရေရှားမှုကို တိုက်ဖျက်ရန်အတွက် လယ်မြေဧက ၁.၃ သန်းကျော်တွင် ပျိုးပင်ကာကွယ်ရေးနှင့် သိပ္ပံနည်းကျ လယ်ကွင်းစီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ မကြာသေးမီက ပြည်နယ်စိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဦးစီးဌာနမှ လုပ်ငန်းအဖွဲ့များကိုဖွဲ့စည်းကာ မြို့ကြီး ၁၆ မြို့ထံ ကွင်းဆင်း၍ လယ်ယာမြေစီမံခန့်ခွဲမှု အားကောင်းလာစေရန်နှင့် စပါးနှင့် အခြားသီးနှံများ အပူဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျှော့ချရေးအတွက် ကြီးကြပ်ဆောင်ရွက်နေကြောင်း သတင်းရရှိပါ သည်။

 

 

ရင်းမြစ်၊ chinadaily
ဒေါက်တာရွှေစင်ကို (ကုန်သွယ်ရေးဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

#MyanmarFoodIndustryGuide

Read times Last modified on Wednesday, 21 September 2022 12:59
Rate this item
(0 votes)