Food & Livestock



"ထမင်း အရသာ ကွာတယ်"ဟု မလေးရှား သွင်းကုန်ဆန်ချစ်သူများ ပြောကြား

"ထမင်း အရသာ ကွာတယ်"ဟု မလေးရှား သွင်းကုန်ဆန်ချစ်သူများ ပြောကြား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

မလေးရှားတွင် ပြည်ပမှတင်သွင်းသည့် ဆန်များ ဈေးမြင့်တက်နေသဖြင့် ပြည်တွင်းထွက် ဆန်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ 

ပြည်ပမှ တင်သွင်းသည့်ဆန်ကို စားနေကျ ဖြစ်သူများသည် ပြည်တွင်းဆန်ကို စားမရသဖြင့် ဈေးမြင့်သည့် ပြည်ပဆန်ကိုသာ ဝယ်စားကြသူများ ရှိနေသည်။

 

စားသုံးသူ အများစုသည် ငွေကုန်ကြေးကျ များသော်လည်း ပြည်ပမှ တင်သွင်းထားသော ဆန်ဖြူ၏ အရသာကိုသာ စွဲစွဲမြဲမြဲနှစ်သက်ကြသည်။

 

အသက် ၃၅ နှစ်ရှိ စျေးကွက်ရှာဖွေရေးမန်နေဂျာ Ahmad Fahmy Fahd Abdullah က သူသည် အရည်အသွေးနှင့် အရသာကွာခြားမှုကြောင့် ပြည်တွင်းဆန်ဖြူသို့ ပြောင်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

“ တင်သွင်းတဲ့ဆန် ၅ ကီလိုဂရမ်ကို တစ်အိတ်ကို အရင်က ၂၄ ရင်းဂစ် (US$5.12) ပေးရတယ်။ အခု လွန်ခဲ့တဲ့နှစ်ရက်က ကုန်ခြောက်ဆိုင်မှာ ဈေးဝယ်တုန်းက ၃၂ ရင်းဂစ် (US$6.83) ဖြစ်သွားပြီ။ ငယ်ငယ်ကတည်းက တင်သွင်းလာတဲ့ ဆန်ဖြူ တံဆိပ်တမျိုးကိုပဲ စားလာတာ ဈေးတအားတက်လည်း တခြားဆန် ကျွန်တော် မစားချင်ဘူး။ ထမင်း အရည်အသွေးနဲ့ အရသာ ကွာတယ်။ ဆန် ၅ ကီလိုဂရမ် တအိတ်ကို ကျွန်တော့်မိသားစုလေးယောက်အတွက် နှစ်ပတ်ကနေ သုံးပတ်လောက် စားရပါတယ်" ဟု ၎င်းက ပြောကြားသည်။

“တော်တော်များများက ကျွန်တော့လိုပဲ ဖြစ်နေကြမှာ သေချာပါတယ်။ ဆန်ပြောင်းစားလို့ မရကြဘူး။  စားသုံးသူတွေအပေါ် ဆန်ဈေးထိုးနှက်မှုကို ပျော့ပျောင်းအောင် အစိုးရအနေနဲ့ ဖြေရှင်းချက်ရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

အသက် ၅၀ အရွယ် Lee Kam Siam က သူမ မိသားစုအနေဖြင့် ပြည်တွင်းဆန်ဖြူကို အရသာမတွေ့သဖြင့်  တင်သွင်းသည့် ဆန်ဖြူကိုသာ ဆက်လက်စားသုံးနေကြကြောင်း ပြောကြားသည်။

 

“ကျွန်မရဲ့ကလေးတွေက တခြားပြည်နယ်တွေမှာ ကျောင်းတက်နေတာကြောင့် အရင်ကနဲ့ စာရင် ကျွန်မတို့ အိမ်မှာ ဆန် စားသုံးမှု နည်းသွားတယ်။ ဒီနောက်ပိုင်းမှာ ဈေးသက်သာတဲ့ တင်သွင်းလာတဲ့ ဆန်တံဆိပ်ကို ရှာပြီး ဝယ်ချက်မယ်" ဟု ပြောကြားသည်။

 

Taman Universiti မှ ၅၄ နှစ်အရွယ် အိမ်ရှင်မ Ayurina Ibrahim က ပြည်တွင်းဆန်ဖြူနှင့် ယှဉ်လျှင် ကစီဓာတ်နည်းသည်ဟု ယုံကြည်သောကြောင့် တင်သွင်းသည့်ဆန်ကိုလည်း နှစ်သက်ကြောင်း ပြောသည်။

 

“တကယ်လို့ ဈေးအရမ်းတက်ရင် ပြည်တွင်းဆန်ဝယ်ဖို့ စဉ်းစားမယ်။ ဒါပေမဲ့ အခုရက်ပိုင်း ဈေးကွက်ထဲ ပြည်တွင်းဆန် အဝင်နည်းပါးနေတာကို သတိပြုမိပါတယ်။ ဒီတော့ ပြည်ပဆန်ပဲ ဝယ်ဖြစ်မယ် ထင်ပါတယ်။ တပတ်ကို မီးဖိုချောင်အတွက် ရင်းဂစ် ၃၀၀ ဖိုး အနည်းဆုံး သုံးရတယ်။ အိမ်မှာ ထမင်းစားကြတာ မများတော့ ပြည်ပဆန် ဈေးတက်တာ ကျွန်မအဖို့ သိပ်မသိသာပါဘူး။ ကျွန်မခင်ပွန်းက ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေပဲ ကြိုက်တယ်။ ဒီတော့ ဂျုံ၊ ကြက်ဥနဲ့ ဆီ ပိုကုန်တယ်"ဟု ပြောကြားသည်။ 

 

မလေးရှား အစိုးရ၏ နိုင်ငံတကာ ဆန်ဈေးကွက်အတွက် ကုန်သွယ်ရေး အဖွဲ့အစည်း state trading enterprise (STE) တစ်ခုဖြစ်သော Padiberas Nasional Bhd (Bernas) သည် စက်တင်ဘာလဆန်းတွင် လက်ရှိ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှင့်အညီ တင်သွင်းလာသည့် ဆန်ဖြူ တစ်တန်ကို ရင်းဂစ် ၂,၃၅၀ (အမေရိကန်ဒေါ်လာ ၅၀၁.၆၅) မှ တစ်တန် ရင်းဂစ် ၃,၂၀၀ (အမေရိကန်ဒေါ်လာ ၆၈၃.၁၀)သို့  တိုးမြှင့်သတ်မှတ်ခဲ့သည်။

 သို့ဖြစ်ရာ ၁၀ ကီလိုဂရမ် ဆန်အိတ် တအိတ် ဈေးနှုန်းသည် ၃၃ ရင်းဂစ် (US$7.04)  မှ ၃၉ ရင်းဂစ် (US$8.33) သို့ မြင့်တက်သွားသည်။ 

ပြည်တွင်းထွက် ဆန်ကို အစိုးရက အများဆုံးဈေးနှုန်းကို ၁၀ ကီလိုဂရမ်လျှင် ၂၆ ရင်းဂစ် (US$5.55) ထက် မပိုရဟု ပြဋ္ဌာန်းထားသည်။

 

ဈေးများနှင့် ဟိုက်ပါမားကက်များတွင် ပြည်တွင်းဆန်ကို တွေ့ဖို့ ခဲယဉ်းပြီး တင်သွင်းသည့် ပြည်ပဆန်များကိုသာ တွေ့ရသည်။

 

ဈေးဆိုင်ဝန်ထမ်း Irwan Shah က ပြည်တွင်းဆန် ဝယ်မရသဖြင့် ဆိုင်မှာ ပြတ်လပ်နေသည်မှာ ၂ ပတ်ရှိသွားပြီဟု ပြောကြားသည်။

 

"ပြည်တွင်းဆန်ဖြူ နည်းပါးနေလို့ ဝယ်ယူသူများအနေဖြင့် တင်သွင်းသည့်ဆန်တွေထဲမှာ ဈေးသက်သာတာကို ရွေးပြီး ဝယ်တာက လွဲလို့ ရွေးချယ်စရာ မရှိပါဘူး။ အရင်က တခါလာဝယ်ရင် ၁၀ ကီလိုဂရမ် ဆန်အိတ် ၁၀ အိတ် ဝယ်နေကျ ဖောက်သည်တွေက အခုတော့ တင်သွင်းတဲ့ ဆန်တွေက ဈေးမြင့်နေလို့ ၅ အိတ်ပဲ ဝယ်ကြတော့တယ်" ဟု သူက ပြောသည်။

 

စင်ကာပူနယ်စပ်ရှိ ဂျိုဟိုးပြည်နယ်မှ ဂျိုဟိုး ကုန်စည် ရောင်းဝယ်ရေး အသင်းချုပ် အတွင်းရေးမှူး Wong Kok Wai က ပြည်တွင်း ဆန်ဖြူ ၁၀ ကီလို အိတ်ကို ယခုလ အစောပိုင်းကတည်းက ပြည်နယ်အတွင်း လက်ကျန် မရှိတော့ဟု ပြောကြားသည်။

 

"ဆန်စျေးကွက်က လောလောဆယ် တော်တော်ရှုပ်နေတယ်၊ ဈေးမငြိမ်ဘူး၊ ကုန်သည်တွေက သွင်းကုန်ဆန် ဈေးတက်တော့ ဈေးတင်ပြီး ရောင်းကြရတယ်။ ပြည်ပမှ တင်သွင်းတဲ့ဆန် ၁၀ ကီလိုဂရမ်ကို ၃၂ ရင်းဂစ်၊ ၃၃ ရင်းဂစ်နဲ့ ရောင်းကြတယ်" ဟု သူက ပြောကြားသည်။

 

ဂျိုဟိုး စိုက်ပျိုးရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ Zahari Sarip မှ ပြည်သူများအား “ထိတ်လန့်တကြားဝယ်ယူခြင်း” နှင့် ပြည်တွင်းဆန်ဖြူများကို သိုလှောင်ထားခြင်း မပြုကြရန် နှိုးဆော်ထားသည်။

“ဂျိုဟိုးပြည်နယ်မှာ ပြည်တွင်းဆန်ဖြူသုံးစွဲမှုမှာ တစ်လကို မက်ထရစ်တန် ၂၁၀၀၀ ဖြစ်ပါတယ်။ မက်ထရစ်တန်ချိန် ၂၃၀၀၀ ထောက်ပံ့ရန် ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံလောက်ပါတယ်" ဟု ပြောကြားသည်။

Source  The Star


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 26 September 2023 10:02
Rate this item
(0 votes)