Myanmar
ကြက်သားအမွ အစပ်ကြော်
ကြက်သားကို ဒီအတိုင်းချည်း ချက်စားရတာ ရိုးနေသူများအတွက် ထမင်းစားမြိန်အောင် ကြက်သားအမွအစပ်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ၊ ငရုတ်သီးအကြမ်းမှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို အပိုင်းပိုင်းပြီး ရေဖြင့်သန့်စင်အောင်ဆေးကြော်ထားပါ။
ပြီးနောက် ကြက်အရေခွံခွာပြီး အပိုင်းပိုင်းထားသော ကြက်နှင့် ရေကို အိုးထဲထည့်ကာ အဖုံး ဖုံးပြီး မီးပြင်းပြင်းနှင့် ပြုတ်ထားပါ။
ပြီးနောက် ရေဆူပြီး အမြုပ်များ တက်လာလျှင် ယင်း အမြုပ်များအား ခပ်ထုတ်ပစ်ပါ။
ပြီးလျှင် မီးကို ခပ်ပြင်းပြင်းမသုံးဘဲ မီးလျှော့ကာ အိုးအဖုံး ဖုံးပြီး နာရီဝက်ကျော် တည်ထားပါ။
ပြီးနောက် အရည်အနည်းငယ်ကျန်ကာ အသားများနူးလာလျှင် အသားများကို ဇွန်းနှင့် ထိုးခြေကာ အရိုးများကို ဖယ်ထုတ်လိုက်ပါ။
ပြီးလျှင် ကြက်သားကို ဆီ၊ ဟင်းခတ်မှုန့်၊ ဆား နှင့် ကြက်သွန်ဖြူထည့်ကာ မီးအနေတော်နှင့် ကြော်ပေးပါ။ အသားများပိုကြေမွသွားစေရန် ဇွန်းနှင့် ဖိခြေ၍ မွှေကြော်ပေးပါ။
အရည်များလုံးဝခန်းကာ အသားများမွပြီး အတော်လေးအရောင်ပြောင်းလာလျှင် ငရုတ်သီးအကြမ်းမှုန့်ကို ထည့်လိုက်ပါ။
မွှေကြော်ပေးရင်း ဆီနှင့် အသားများ ပွတက်လာပြီဆိုလျှင် မီးဖို မီးကိုပိတ်ပါ။
ပြီးနောက် ဆီစစ်ထားပါ။ ပြီးရင်တော့ ထမင်းပူပူလေးနှင့် အရသာရှိလှတဲ့ ကြက်သားအမွ အစပ်ကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။