Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ကျွဲ နွား အကောင်ရေ ခြောက်သောင်းကျော်တင်ပို့

ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ ကျွဲ၊ နွားအကောင်ရေ ၆၈,၀၀၀ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။

 

ကျွဲ၊ နွားအကောင်ရေ ၆၈,၀၀၀ ကျော်တွင် နွားအကောင်ရေ ၅၈,၀၈၄ ကောင်၊ ကျွဲအကောင်ရေ ၁၀,၁၁၈ ကောင် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၈၅၅ သန်း ရရှိထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 


ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ကျွဲ၊ နွားအကောင်ရေ ၂၆,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၃၇၂ သန်းရရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ်ထက် ကျွဲ၊ နွားအကောင်ရေ ၄၀,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 


ကျွဲ၊ နွားတွေကို အကောင်လိုက် တင်ပို့တာထက် ပြည်တွင်းမှာ အဆင့်မီ ပုဂ္ဂလိကသားသတ်ရုံတွေလုပ်ဖို့ နိုင်ငံတော်ကခွင့်ပြုပေးပြီး အားပေးအားမြှောက် လုပ်ပေးရမှာပါ။ ပြီးရင် အသားကို စနစ်တကျ ထုပ်ပိုးပြီး ပြည်ပတင်ပို့ရမှာပါ။ အဲဒီလိုလုပ်ရင် သားရေလည်း ထွက်လာမယ်။ ပြည်တွင်းမှာလည်းသုံး၊ ပြည်ပကိုလည်း ပို့လို့ရလာမယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က သုံးသပ်ပြောကြားခဲ့ပါတယ်။

 


ကျွဲ၊ နွားများကို အကောင်လိုက်တင်ပို့ခြင်းထက် ပြည်တွင်းတွင် အဆင့်မီပုဂ္ဂလိက သားသတ်ရုံများ တည်ထောင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ပါက ပို့ကုန်ဝင်ငွေများရရှိမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ပါတယ်။

 


ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မွေးမြူရေးဇုန် ၂၈ ဇုန်ကို ဖော်ထုတ်ဆောင်ရွက်လျက် ရှိပါတယ်။ ကျွဲ၊ နွားများ ရေရှည်တင်ပို့နိုင်ရေးအတွက်လည်း ငါးနှစ်အစီအမံ ချမှတ်ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားပါတယ်။

 


ပြည်ပတင်ပို့သည့်အခါ ကျွဲ၊ နွားများကို အသက်ငါးနှစ်အထက်ကိုသာ တင်ပို့ခွင့်ပြုခြင်းဖြစ်ပြီး ကျွဲ ၊ နွား တင်ပို့ခွင့်လိုင်စင်တစ်စောင်လျှင် အကောင် ၁၀၀ သာ တင်ပို့ခွင့်ရှိကြောင်း၊ နွားတစ်ကောင်လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ကျွဲ တစ်ကောင်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးရရှိပြီး တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများထံ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 11:32
Rate this item
(1 Vote)