Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမြင့်ဆုံးသို့ရောက်ရှိနေတဲ့ ပြည်တွင်းဆန်ဈေးကွက်

မြန်မာနိုင်ငံရဲ့ပြည်တွင်းဆန်ချောဈေးကွက်ဟာ လိုအပ်ချက်များနေခြင်း၊ ကုန်ဈေးနှုန်းတက်နေခြင်း၊ ဈေးကွက်ကစားခြင်းတို့ကြောင့် ၅ နှစ်တာကာလအတွင်းမှာ ဈေးအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေတယ်လို့ ပြည်တွင်းကုန်သည်များထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ရဲ့ အချက်အလက်များအရ သြဂုတ်လက ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ်ကို ၅၂၀၀၀ ကျပ်အထိပေး၍ဝယ်ယူရပြီး ယခုနှစ်အစပိုင်းက ဈေးထက် ၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကိုတော့ ၆၂၀၀၀ ကျပ်ခန့်ပေးရပြီး ယခုနှစ်အစပိုင်းကဈေးထက် ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

တစ်ဖက်မှာလည်း ပြည်ပသို့အဓိကတင်ပို့နေတဲ့ ဧည့်မထနှင့် အခြားအရည်အသွေးနိမ့်ဆန်များကတော့ ဈေးနှုန်းအပြောင်းအလဲမရှိပဲ တစ်သမတ်တည်းဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများကပြောပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဥက္ကဌဖြစ်သူ ဦးအောင်သန်းဦးက ပေါ်ဆန်း ဆန်များရဲ့ဈေးနှုန်းဟာ ၂၀၁၄ နောက်ပိုင်းမှစတင်ပြီး ယခုအချိန်မှာတော့ အမြင့်ဆုံးထိရောက်ရှိနေတာကြောင့် ရုတ်တရက်ဈေးမြင့်တက်လာခြင်းနှင့်ပတ်သက်၍ ၎င်းက “ပြီးခဲ့တဲ့နှစ်က ကုန်စည်နည်းပါးနေတုန်းကတောင် လက်ရှိဈေးလောက်အထိ မရှိပါဘူး။ ဒါဟာ စားသုံးသူတွေအနေနဲ့ အရည်အသွေးမြင့်တဲ့ဆန်တွေကို ပိုပြီးစားသုံးလာတယ်ဆိုတာကို ဖော်ပြနေပါတယ်။” လို့ မြန်မာတိုင်းမ်စ် ကိုပြောကြားခဲ့ပါတယ်။

 

ဈေးကွက်ကျပ်တည်းမှု

ဆန်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်စိုးက “စိုက်ပျိုးမွေးမြူရေးခြံကြီးတွေ၊ ဆန်စက်ရုံတွေ၊ ပိုက်ဆံတတ်နိုင်တဲ့ ကုန်သည်တွေက ကျေးလက်ဒေသတွေဆီသွားပြီး ပေါ်ဆန်းဆန်တွေ အကုန်လုံးကို အပြီးသတ်ဝယ်လိုက်ကြပါတယ်၊ လယ်ကွက်ကရရှိတဲ့ စပါးအထွက်နှုန်းကို တွက်ချက်ပြီး ရရှိလာတဲ့ ဆန်ကို ဆန်ကိုယ်စားလှယ်တွေထံသို့ ဈေးတင်ရောင်းကြပါတယ်၊ ဒီနည်းနဲ့ ဆန်ဈေးတွေကလည်း ထိုးတက်လာပါတယ်။” လို့ပြောပါတယ်။

 

ယေဘုယျအားဖြင့်တော့ စပါးဈေးက ကုန်ဈေးနှုန်းတက်ခြင်းကြောင့် လိုက်တက်လာတယ်လို့လည်း ယူဆလို့ရပါတယ်။ မြန်မာနိုင်ငံက ဆန်ဈေးနှုန်းဟာ စပါးဈေးနှုန်းနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။ လတ်တလောမှာ ဧရာဝတီပေါ်ဆန်း ၁ ခြင်းကို ၁၃ သိန်း၊ ၁၄ သိန်းကျပ်ခန့် ရောင်းဝယ်နေရပါတယ်။ “အခြားသွင်းကုန်ပို့ကုန် ပစ္စည်းတွေ ဈေးတက်လာတာနဲ့အမျှ အဓိကအစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းကလည်း လိုက်တက်လာပါတယ်။” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးနေလင်းဇင်ကပြောပါတယ်။

 

လက်ရှိမုတ်သုန်ရာသီမှာတော့ မုတ်သုန်စပါး ဧက ၁၆ သန်းကျော်ခန့် စိုက်ပျိုးကြပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လပိုင်းက ရေကြီးရေလျှံမှုတွေကြောင့် စပါး ဧက ၃ သိန်းကျော်ပျက်ဆီးခဲ့ရတဲ့အတွက် ဆန်ဈေးနှုန်းတွေမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

 

အဲ့ဒီအချိန်ကတည်းက စပါး ဧက ၁ သိန်းကျော်ကို ပြန်လည်စိုက်ပျိုးခဲ့ပြီး ဒီနှစ်တော့ ရေကြီးမှုကြောင့် စပါးအထွက်နှုန်းမထိခိုက်ဖို့ပဲ မျှော်လင့်ရမှာဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူးဖြစ်သူ ဦးမျိုးတင့်ထွန်းက ပြောကြားခဲ့ပါတယ်။

 

ပြည်ပသို့တင်ပို့မှုမှ ရရှိငွေများ ပြည်ပသို့တင်ပို့ဖြန့်ဖြူးတဲ့အပိုင်းမှာတော့ အခြေအနေတွေက ပိုမိုတည်ငြိမ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ အရည်အသွေးနိမ့်တဲ့ ဆန်အမျိုးအစားများကိုသာ တင်ပို့တဲ့အတွက် ပေါ်ဆန်း ဆန်ဈေးနှုန်းမြင့်တက်မှုဟာ ပြည်ပတင်ပို့မှုအပိုင်းကိုတော့ အကျိုးသက်ရောက်မှုမဖြစ်စေပါဘူးလို့ ဘုရင့်နောင်ဆန်လက်ကားဖြန့်ချိရေးမှ ဦးသန်းဦးက ပြောပါတယ်။

 

ဦးသန်းဦးက “ပြည်တွင်းဆန်ဈေးကွက်က ဈေးတွေထိုးတက်နေပေမယ့် ပြည်ပတင်ပို့တဲ့ဈေးကွက်ကတော့ ငြိမ်ပါတယ်၊ တရုတ်ကနေလည်း မြန်မာဆန်ကို အရမ်းလိုအပ်နေတဲ့အခြေအနေမရှိသေးတဲ့အတွက် ဆန်ဈေးက ဒီလိုအပြောင်းအလဲမရှိပဲ ငြိမ်နေတာပါ” လို့ ပြောပါတယ်။

 

ယခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၈ သိန်းခန့်တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်က ဧပြီလမှ ဇူလိုင်လအတွင်း ဆန်တန်ချိန် ၁၀ သိန်းခန့်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်နှစ်နှင့်ယှဉ်လျှင် နည်းပါးနေသေးတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တစ်ဆင့်သိရှိရပါတယ်။

 

Source: MM Times

Read times Last modified on Tuesday, 18 September 2018 10:09
Rate this item
(1 Vote)