Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဆန်တင်ပို့မှု လျော့ကျမည်

ပြည်တွင်းတွင် ဆန်ဟောင်းလက်ကျန်များ  ကျန်နေသောအချိန်၊ နွေစပါးစိုက်ပျိုးမှုမှ ဆန်သစ်များထွက်လာမည့် အချိန်နှင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချရမှု လျော့နည်းလာသည့်အချိန်တို့

တိုက်ဆိုင်လာသည့်အခါ ပြည်တွင်းဆန်လုပ်ငန်းရှင်များတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာနေပြီဖြစ်သည်။  

 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ရာ  ယခုနှစ်တွင်လည်း ပြည်ပဆန်တင်ပို့မှု အရှိန်မြင့်လာနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားခဲ့သည်။

 

သို့သော် လက်ရှိအချိန်တွင် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ဆန်လက်ကျန်များ ပြည်တွင်း၌ ကျန်ရှိနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

 

"ဒီနှစ်အတွက် ဆန်တင်ပို့ဖို့ မျှော်မှန်းထားတဲ့ပမာဏကိုတော့ ပြည့်မီဖို့ မလွယ်ကူတော့ပါဘူး။ ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေပါတယ်။ မနှစ်က စံချိန်တင်ခဲ့တဲ့ ပြည်ပဆန်တင်ပို့မှုပမာဏကို မီဖို့တောင် ခဲယဉ်းပါတယ်"ဟု ၎င်းက ပြောသည်။

 

 ထို့ပြင် မြန်မာ့ဆန်များကို အဓိကတင်ပို့နေရသည့် တရုတ်နိုင်ငံကလည်း ၎င်းတို့ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ဆန်အပါအဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးမှု များပြားနေရာ တရုတ်နိုင်ငံသို့ ဆန်ရောင်းချရသည့် ပမာဏသည်လည်း များစွာလျော့ကျနေသည်ဟု  ဆန်ကုန်သည်များက ဆိုသည်။

 

Read More >>>>>  မြေပဲမျိုးနှင့် မျိုးနှမ်းဈေးကြီးမြင့်၍ ဆီထွက်သီးနှံစိုက်တောင်သူတို့ မျိုးအခက်အခဲကြုံ

 

"အရင်က ရန်ကုန်ကို ဆန်တင်ပို့ရောင်းချရတာက တစ်ရက်ကို ကားလေးစီးငါးစီးလောက်ရှိတယ်။ အခုက တစ်ရက် တစ်စီးပဲ။ အချို့ရက်တွေမှာ မထွက်ရတာတွေတောင်ရှိတယ်"ဟု ပဲခူးတိုင်းဒေသခံ ဆန်စပါးကုန်သည် တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်လနှောင်းပိုင်းက မြန်မာ-တရုတ် စီးပွားရေး စင်္ကြံဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာအစိုးရ တာဝန်ရှိသူများ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်ခဲ့သည်။ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချခွင့်ကိုတာခွဲတမ်းကို ဆန်တန်ချိန် လေးသိန်းပေးရန် တောင်းဆိုခဲ့သည်။

 

အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာကဏ္ဍကို အဓိကတာဝန်ယူထားသည့် National Development and Reform Commission of China (NDRC) သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် အစိုးရချင်း သဘောတူညီမှုဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် လေးသိန်းဝယ်ယူရန် စာချုပ်မူကြမ်းကို တရုတ်နိုင်ငံက ပေးပို့ထားသည်။ ယင်းစာချုပ်မူကြမ်းပါ အချက်အလက်များကိုမှု မသိရှိရသေးဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်များ က ပြောသည်။

 

"ကိုတာနဲ့ ဆန်တင်ပို့ရောင်းချရာမှာ အခွန်နှုန်းထားကို သက်သာစွာ ချပေးစေချင်ပါတယ်။ တရုတ်နိုင်ငံက သူတို့ တောင်သူလယ်သမား အကျိုးစီးပွားကို ကာကွယ်တဲ့ အနေနဲ့ ဆန်တင်ပို့ရောင်းချမှုအပေါ် ၆၀ ရာခိုင်နှုန်း အခွန်ကောက်ပါတယ်။ ကျွန်တော်တို့ကတော့ အခွန်နှုန်းထား ၁၇ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်စေချင်ပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးချမ်းသာဦးက ပြောသည်။

 

ထို့ပြင် တရုတ်နိုင်ငံဘက်က သွင်းကုန်ထုတ်ကုန် လိုင်စင် တရားဝင်ရှိသော ကုမ္ပဏီများ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခွင့်ကို ခွဲတမ်းအချိုးဖြင့် လွတ်လပ်စွာ ဝယ်ယူခွင့်ပြုစေချင်သည်ဟု ၎င်းကဆိုသည်။

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ၎င်းတို့နိုင်ငံသို့ ဆန်တင်ပို့ရောင်းချခွင့် ကိုတာခွဲတမ်းကို ၂၀၁၆ ခုနှစ်တွင် ဆန်တန်ချိန်ပမာဏ တစ်သိန်းပေးခဲ့ပြီးနောက်ပိုင်း ဆန်ရောင်းချခွင့်ကိုတာ ပမာဏများများပေးမှု မရှိသေးဟု ဦးချမ်းသာဦးက ဆိုသည်။

 

လက်ရှိတွင် ပြည်တွင်းဆန်လက်ကျန်များ ရှိနေသည့်အတွက်  စပါးစိုက်ရာသီကာလအတွင်း တောင်သူများသို့ ဈေးကွက်အခြေအနေ သတင်းပေးမှုများ ရှိသော်လည်း စိုက်ပျိုးမည့် သီးနှံရွေးချယ်မှုသည် တောင်သူများ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၂၀-၂၁ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် လေးသန်းအထိ ပြည်ပတင်ပို့နိုင်ရန်နှင့် ပြည်ပဆန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း၁၅၀ဝ ရရှိရန် မျှော်မှန်းထားသည်။ ယခုဘဏ္ဍာနှစ်တွင်မှု ဆန်တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင် မှန်းထားသော်လည်း မဖြစ်နိုင်တော့ဟု ဦးချမ်းသာဦးက ပြောသည်။

 

မြန်မာ့ဆန်စပါးဈေးကွက်သည် ထုတ်လုပ်မှုတန်ဖိုးအရ ကျပ်ဘီလျံ ၆ဝ၀ဝ ခန့် နှစ်စဉ်ရှိပြီး ပြည်တွင်းရောင်းချရမှု ကျပ်ဘီလျံ ၅၄ဝ၀ဝ ခန့်ရှိကာ ပြည်ပတင်ပို့မှုသည် ကျပ်ဘီလျံ ၉၀ဝ ခန့်ရှိသည်။ ဆန်တန်ချိန် ၁၃ သန်းမှ ၁၄ သန်းကြား နှစ်စဉ်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုသည် ၁၀ သန်းခန့်ရှိကာ ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့ရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ လယ်ယာကဏ္ဍသို့ ဝင်ရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ဝ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုတန်ဖိုးသည် စုစုပေါင်း ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၂၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိသည်။ ယင်းပမာဏသည် နှစ်အလိုက် လျော့ကြလာသောပမာဏဖြစ်ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှု တန်ဖိုးသည် စုစုပေါင်းပြည်ပပို့ကုန်တင်ပို့မှု တန်ဖိုး၏ ၂၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ 

 

source: MM Time

Read times Last modified on Thursday, 07 March 2019 11:10
Rate this item
(1 Vote)