Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ စျေးနှုန်းတတ်ရန် မျှော်လင့်နေဆဲ

ဇူလိုင် ၄ ရက်က ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်း သည် အနိမ့်တွင်သာ ရှိနေရာ ယခင်နှစ်ကာလတူ ၂၀၁၉ ဇူလိုင် ၄ ရက် ဈေးနှုန်း၏ ထက်ဝက် ဝန်းကျင်သာရှိနေသည့်အတွက် ဈေးနှုန်းမြင့်တက်လာမည့် ကာလကို ကြက်သွန်နီစိုက်ပျိုးသူများ၊ လှောင်သမားများ မျှော်လင့်စောင့်ဆိုင်း နေကြ သည်ဟု ရန်ကုန်ကြက်သွန်နီပွဲရုံလုပ်ငန်းရှင်အချို့နှင့် နယ်ပို့အဝယ်တော် အချို့ ထံက သိရသည်။

 

ရန်ကုန်ဈေးကွက်အတွင်း ဇူလိုင် ၄ ရက်က ဆိပ်ဖြူလက်ကား တစ်ပိဿာ ၄၀၀-၅၀၀-၅၀၀-၄၅၀ ကျပ်နှုန်း၊ မြင်းခြံ (အခွံပါး) ၃၇၅-၄၂၅-၄၀၀-၃၅၀ ကျပ် နှုန်းရှိပြီး အလုံးကြီးများဖြစ်သော လတ်ကြီးနှင့် ရှယ်အရွယ်အစားများမှာ ပုံမှန် ကာလများတွင် ဈေးအမြင့်ဆုံးဖြစ်ခဲ့သော်လည်း ယခု နှစ်လယ်တွင်မူ အလုံးလတ် အရွယ်အစားဖြစ်သော လတ်သန့်သည် ဈေးနှုန်းအမြင့်ဖြင့် ဝယ်လိုအား အများဆုံးဖြစ်နေသည်ဟု ကြက်သွန်နီပွဲရုံများမှ သိရသည်။

 

ရန်ကုန်ဈေးကွက်သို့ ဇူလိုင် ၄ ရက်တွင် နယ်စုံမှ ကြက်သွန်နီပိဿာချိန် ၁၂၀၀၀၀ ဝင်ရောက်ပြီး ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၄ ရက်အထိ နယ်စုံမှ ကြက်သွန်နီပိဿာချိန် ၉၅၀၀၀၀ ဝန်းကျင် ဝင်ရောက်သည်ဟု နေ့စဉ်ဈေးနှုန်း စာရင်းများတွင် ဖော်ပြထားသော ကုန်ဝင်စာရင်းများမှ သိရသည်။

 

၂၀၁၉ မိုးစိုက်ကြက်သွန်နီ အသစ်များသည်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်တွင် လက်ကားတစ်ပိဿာ အလုံးကြီးရှယ် ငွေကျပ် ၁၈၀၀ အထိ ဈေးနှုန်း အမြင့်ရခဲ့ပြီး ၂၀၁၉ဆောင်းစိုက်ကြက်သွန်နီအသစ် ထွက်ပေါ်ခါနီး လပိုင်း ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ကြက်သွန်နီ ငွေကြိုပေး ဝယ်ယူရာတွင် တစ်ပိဿာ ငွေကျပ် ၅၅၀ နှုန်းရှိသည်ဟု မုံရွာဒေသ ပုလဲနယ် ညောင်ပင်သာရွာမှ ကြက်သွန်နီစိုက်သူ ကိုခင်မောင်မြင့်က ပြောသည်။

 

သို့သော် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလများတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ကြက်သွန်နီအသစ်များ ထွက်ရှိလာ၍ မြန်မာနိုင်ငံအတွင်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရန် ဝယ်ယူမှုသည် ဆောင်းစိုက်ကြက်သွန်နီဖြစ်သော နွေကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် နည်းသွားသည်။

 

သို့ဖြစ်ရာ နွေကြက်သွန်နီဈေးနှုန်းသည် သင်္ကြန်မတိုင်မီ ရှယ်အရွယ် အစား လက်ကားတစ်ပိဿာ ငွေကျပ် ၇၀၀၊ သင်္ကြန်နောက်ပိုင်းတွင် ငွေကျပ် ၊ ၅၅၀/၆၀၀ နှုန်းသာရှိသည်။ ဇွန်လနှင့်ဇူလိုင်လဆန်းတို့တွင် အလုံးသေးလတ်ချော တစ်ပိဿာ ၄၀၀ ကျပ်နှုန်း၊ လတ်သန့်အရွယ်အစား လက်ကားတစ်ပိဿာ ၅၀၀ ကျပ်၊ ရှယ်အရွယ်အစား ၄၅၀ ကျပ်သာ ရှိနေဆဲဖြစ်သည်။

 

နယ်ဈေးကွက်များတွင် ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာဈေး အမြင့်ဆုံး ၄၃၀ ကျပ်ဝန်းကျင်၊ အနိမ့်ဆုံး ၃၈၀ ကျပ်ဝန်းကျင်ရှိပြီး ယောစဈေး အမြင့် ၄၁၀ ကျပ်၊ ဈေးအနိမ့် ၃၈၀ ကျပ်၊ ပုလဲစဈေးအမြင့် ၃၈၅ ကျပ်၊ အနိမ့် ၃၅၀ ကျပ် ဈေးနှုန်းအသီးသီးရှိသည်ဟု ဇူလိုင်လဆန်း နယ်ဈေးကွက်သတင်း များအရ သိရသည်။

 

သင်္ကြန်နောက်ပိုင်း ရန်ကုန်ဈေးကွက်သို့ တစ်လလျှင် ကြက်သွန်နီ တန်ချိန် ၆၅၀၀ ဝန်းကျင်၊ ပိဿာချိန်သိန်း ၄၀ ဝန်းကျင် ဝင်ရောက်ပြီး မေလ ၁ ရက်မှ ၂၅ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့သည့် ကြက်သွန်နီတန်ချိန်မှာမူ ၈၈၃၅ တန်ရှိသည်ဟု ယင်းနယ်စပ် ကုန်သွယ်ရေး သတင်းများအရ သိရသည်။

 

ကြက်သွန်နီဈေးနှုန်းသည် နှစ်ကုန်ပိုင်းလများတွင် ဈေးတက်တတ်သည့် အတွက် လှောင်သမားများသာမက ပိုလျှံကြက်သွန်ရှိသည့် စိုက်ပျိုးသူအချို့ပါ ကြက်သွန်ဈေးကွက် အနေအထားကို မျှော်လင့်စောင့်ကြည့်နေကြသည်။ မိုးကြက်သွန်များကို ဝါခေါင်လကုန်ပိုင်းတွင် စိုက်ပျိုးရန်ရှိရာ မိုးကြက်သွန်နီ အသစ်များ ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ဝင်ရောက်နိုင်သည်။

 

ယခုလပိုင်း ဈေးကွက်များအတွင်း ရောင်းဝယ်နေသော ၂၀၁၉ ဆောင်းစိုက်ကြက်သွန်နီ များ ဈေးနှုန်းမြင့်တက်မှသာ၂၀၂၀ ပြည့်နှစ်မိုးစိုက်မည့်မိုးကြက်သွန်နီဈေးနှုန်းများ သည်လည်း ဈေးနှုန်းအမြင့် ရနိုင်မည်ဖြစ်သည်။


Myanmar Alinn

Read times
Rate this item
(1 Vote)