Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၁)

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အမိန့်ကြော်ငြာစာ

အမှတ် ၈/၂၀၂၂ ၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်) အမျိုးသား အစားအသောက် ဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ အစားအသောက် အသီးသီး၏ အရည်အသွေး၊ ဘေးအန္တရာယ်နှင့်ကျန်းမာရေး အတွက် လိုအပ်သော သတင်းအချက်အလက်များကို စားသုံးသူ ပြည်သူလူထုအား လုံလောက်စွာ အသိပေးနိုင်ရန် နှင့် လျော်ညီစွာ စားသုံးနိုင်စေရန်၊ အစားအသောက်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာပေး ခြင်းပြုရာတွင် အမှတ်တံဆိပ်ဖော်ပြခြင်းကို ဒေသစံနှုန်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင် ရန်၊ အစားအသောက် ခြေရာခံစနစ်အား စနစ်တကျ အထောက်အပံ့ဖြစ်စေရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသာ းအစားအသောက်ဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 

အသင့်ထုပ်ပိုးထားသောအစားအသောက်များ
အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်
အခန်း(၁)
အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤအမိန့်ကို “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့် ” ဟု ခေါ်တွင်စေရမည်။

 

၂။ ဤအမိန့်သည် စားသုံးသူနှင့် ပြင်ဆင်တည်ခင်းသူထံရောင်းချရန် အသင့်ထုပ်ပိုးထားသော အစားအသောက် အားလုံးတွင် အမှတ်တံဆိပ်ကပ်ခြင်းနှင့် သက်ဆိုင်စေရမည်။

 

၃။ ဤအမိန့်တွင်ပါရှိသော စကားရပ်များသည် အမျိုးသား အစားအသောက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် -

(က) စားသုံးသူ (Consumer) ဆိုသည်မှာ မိမိလိုအပ်ချက်အတွက် အစားအသောက်ကို ဝယ်ယူသော (သို့မဟုတ်) လက်ခံရရှိသော ပုဂ္ဂိုလ်နှင့် မိသားစုများကိုဆိုသည်။

 

(ခ) ထည့်သွင်းထုပ်ပိုးပစ္စည်း (Container) ဆိုသည်မှာ အစားအသောက် ဖြန့်ဖြူးရန်အလို့ငှာ အစားအသောက်၏ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော်လည်းကောင်း တစ်စုတည်းဖြစ်စေရန် စုစည်းရစ်ပတ် ထည့်သွင်း ထုပ်ပိုးနိုင်သော ဘူး၊ ခွက်၊ ပုလင်း၊ အိတ်၊ ပုံး၊ သေတ္တာစသည့် မည်သည့်ပစ္စည်းကိုမဆို ဆိုသည်။ ထည့်သွင်းထုပ်ပိုးပစ္စည်း တစ်ခုတွင် အထုပ်၊         ဘူးစသည့် အမျိုးအစားမျိုးစုံ (သို့မဟုတ်) အရေအတွက်များစွာ ပါဝင်နိုင်သည်။

 

(ဂ) ထုတ်လုပ်မှုအမှတ်စဉ် (Lot or Batch Number) ဆိုသည်မှာ မျိုးတူစု အထောက်အထားကို သိရှိနိုင်ရန် အသုံးပြုသည့် ကုတ်နံပါတ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့်ဖော်ပြထားသောအညွှန်းကိုဆိုသည်။

 

(ဃ) ထုတ်လုပ်ရက်စွဲ (Date of Manufacture) ဆိုသည်မှာ သတ်မှတ်ဖော်ပြမည့် အစားအသောက်အဖြစ် စတင်ရရှိသည့်ရက်စွဲကိုဆိုသည်။ အဆိုပါရက်စွဲသည် ယင်းအစားအသောက်၏ အထားခံကာလ (shelf life) ကို မရည်ညွှန်းချေ။

 

(င) ထုပ်ပိုးရက်စွဲ (Date of Packaging) ဆိုသည်မှာ အစားအသောက်ကို ဖြန့်ဖြူးရောင်းချရန် ထည့်သွင်း ထုပ်ပိုးပစ္စည်းတွင် ထည့်သွင်းပြီးစီးသည့် ရက်စွဲကိုဆိုသည်။ အဆိုပါရက်စွဲသည် ယင်းကုန်ပစ္စည်း၏ အထားခံ ကာလကို မရည်ညွှန်းချေ။

 

(စ) နောက်ဆုံးစားသုံးရန်ရက်စွဲ (သို့မဟုတ်) သက်တမ်းကုန်ရက်စွဲ (Use - by date or Expiration Date) ဆိုသည်မှာ အမှတ်တံဆိပ်တွင် ညွှန်းဆိုသည့်အတိုင်း အစားအသောက်ကို ထားသိုသော်လည်း သတ်မှတ်ရက် ကျော်လွန်ပါက အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဘေးအန္တရာယ် ဖြစ်စေနိုင်သဖြင့် ရောင်းချရန် (သို့မဟုတ်) စားသုံးရန် သင့်လျော်မှုမရှိသော ရက်စွဲကိုဆိုသည်။

 

(ဆ) ပြင်ဆင်တည်ခင်းခြင်း (Catering) ဆိုသည်မှာ စားသောက်ဆိုင်၊ စားသောက်ခန်းမ၊ ဟိုတယ်၊ လေယာဉ်၊ သင်တန်းကျောင်း၊ တက္ကသိုလ်၊ ဆေးရုံနှင့်အလားတူနေရာများ တွင်ဖြစ်စေ၊ ပွဲလမ်းသဘင်နှင့် လှူများတွင်ဖြစ်စေ ချက်ချင်းစားသုံးရန် (သို့မဟုတ်) ယူဆောင်စားသုံးရန်အလို့ငှာ အစားအသောက် အကျွေးအမွေးဆိုင်ရာ ချက်ပြုတ် ပြင်ဆင် ခင်းကျင်းစီမံခြင်းကို ဆိုသည်။

 

(ဇ) ပြုပြင်အကူပစ္စည်း (Processing Aid) ဆိုသည်မှာ အိုးခွက်ပန်းကန် ကိရိယာတန်ဆာပလာမှအပ အစား အသောက်အဖြစ် စားသုံးခြင်း မဟုတ်သော်လည်း ကုန်ကြမ်းပစ္စည်းများ၊ အစားအသောက်များ (သို့မဟုတ်) ပါဝင် ပစ္စည်းများကို ပြင်ဆင်ရာတွင်ဖြစ်စေ၊ နည်းပညာတစ်ခုခုဖြင့် ပြုပြင်ရာတွင်ဖြစ်စေ အသုံးပြုပြီး မရည်ရွယ် သော်လည်း ဖယ်ရှားခြင်း မပြုနိုင်ဘဲ နောက်ဆုံးထုတ်ကုန်တွင် ဓာတ်ကြွင်းအဖြစ် (သို့မဟုတ်) အသွင်ပြောင်းပစ္စည်းအဖြစ် ကျန်ရှိနေနိုင်သည့်ပစ္စည်းကို ဆိုသည်။

 

(ဈ) ပါဝင်ပစ္စည်း (Ingredient) ဆိုသည်မှာ အစားအသောက်ထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းပြုရာတွင် အသုံးပြုပြီး နောက်ဆုံးထုတ်ကုန်တွင် မူလအတိုင်းဖြစ်စေ၊ အသွင်ပြောင်းပုံစံဖြင့်ဖြစ်စေ ပါရှိနိုင်သည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းအပါအဝင် မည်သည့်ပစ္စည်းကိုမဆို ဆိုသည်။

 

(ည) မျိုးတူစု (Lot, Batch) ဆိုသည်မှာ တူညီသော အခြေအနေတစ်ရပ်ကိုအခြေခံ၍ ထုတ်လုပ်ထားပြီး တိကျသော အရေအတွက်ပမာဏရှိသည့် ကုန်ပစ္စည်းအစုကို ဆိုသည်။

 

(ဋ) ရက်စွဲမတိုင်မီ အကောင်းဆုံး သို့မဟုတ် ရက်စွဲမတိုင်မီ အရည်အသွေးအကောင်းဆုံး (Best Before Date or Best Quality before Date) ဆိုသည်မှာ အမှတ်တံဆိပ်တွင် ညွှန်းဆိုသည့်အတိုင်း ထားသိုပြီး ယင်းကာလ အတွင်း ဖွင့်ဖောက်ခြင်း မပြုပါက အညွှန်းစာတွင် ဖော်ပြထားသည့် မည်သည့်အရည်အသွေးကိုမျှ မထိခိုက်ဘဲ ဈေးကွက် တင်နိုင်သည့်ရက်စွဲကို ဆိုသည်။ သို့သော် အဆိုပါရက်စွဲနောက်ပိုင်းတွင်လည်း အစားအသောက်သည် စားသုံးရန် လက်ခံနိုင်သည့်အခြေအနေတွင် ဆက်လက်ရှိနေနိုင်သည်။

 

(ဌ) အစားအသောက်လုပ်ငန်းလုပ်ကိုင်သူ (Food Business Operator) ဆိုသည်မှာ အစား အသောက်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အစားအသောက်ခင်းကျင်းပြသခြင်း၊ နမူနာ ပေးခြင်းနှင့် ကြော်ငြာခြင်းတို့တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုဆိုသည်။ ယင်းစကားရပ်တွင် အစားအသောက်လုပ်ငန်းလုပ်ကိုင်သည့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများလည်း အကျုံးဝင်သည်။

 

(ဍ) အညွှန်းစာ (Claim) ဆိုသည်မှာ အစားအသောက်၏ မူလအရင်းအမြစ်၊ အာဟာရဂုဏ်သတ္တိ၊ သဘာဝ၊ ပြုပြင်ထုတ်လုပ်ပုံ (processing)၊ ပေါင်းစပ်ဖွဲ့စည်းပုံ (Composition) (သို့မဟုတ်) အခြားအရည်အသွေးဆိုင်ရာ သီးခြားလက္ခဏာများ ဖော်ပြချက် (သို့မဟုတ်) အကြံပြုချက် (သို့မဟုတ်) ညွှန်းဆိုချက်အားလုံးကို ဆိုသည်။

 

(ဎ) အထူးအာဟာရ အစားအသောက် (Food for special dietary uses) ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အတွက်ဖြစ်စေ၊ ဇီဝကမ္မအခြေအနေတစ်ရပ်ရပ်အတွက်ဖြစ်စေ၊ ရောဂါတစ်ရပ် ရပ်အတွက်ဖြစ်စေ၊ ကိုယ်ခန္ဓာ ချို့ယွင်းမှု တစ်ခုခုအတွက်ဖြစ်စေ၊ အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အလို့ငှာ သီးခြား ပြုပြင်ထားသော (သို့မဟုတ်) တီထွင်ဖန်တီး ထုတ်လုပ်ထားသော အစားအသောက်ကို ဆိုသည်။ ယင်းအစား အသောက်သည် သဘာဝတူအခြားသော ပုံမှန်အစားအသောက်များနှင့် ဖွဲ့စည်းပုံအားဖြင့် သိသာကွဲပြားစွာ ပြုပြင်ထုတ်လုပ်ထားရမည်။

 

(ဏ) အမှတ်တံဆိပ် (Label) ဆိုသည်မှာ ထည့်သွင်းထုပ်ပိုးပစ္စည်းပေါ်တွင်ဖြစ်စေ၊ ထုပ်ပိုးပစ္စည်းနှင့် တွဲကပ်ချိတ်တွဲလျက်ဖြစ်စေ စာသားဖြင့်သော်လည်းကောင်း၊ ပုံနှိပ်၍သော် လည်းကောင်း၊ ဖောင်းကြွ ပန်းဖောက် စာသားများဖြင့်သော်လည်းကောင်း ရေးသားဖော်ပြခြင်း၊ ခိုင်မြဲစွာ တွဲကပ်ခြင်း၊ ပုံဖော်ခြင်း၊ အမှတ်အသားပြုခြင်း (သို့မဟုတ်) အမှတ် တံဆိပ်ရိုက်နှိပ်ခြင်း ပြုလုပ်ထားသည့် စာတမ်းကတ်ပြား(tag)၊ ကုန်စည်အမှတ်အသား (brand)၊ အမှတ်အသား(mark)၊ ရုပ်ပုံ(pictorial) (သို့မဟုတ်) အလားတူဖော်ပြချက်ကိုဆိုသည်။

 

(တ) အသင့်ထုပ်ပိုးထားသော(Prepackaged) အစားအသောက်ဆိုသည်မှာ စားသုံးသူအတွက်ဖြစ်စေ၊ ပြင်ဆင် တည်ခင်းရန်ဖြစ်စေ အသင့်ရရှိနိုင်စေရန် ရည်ရွယ်၍ ထည့်သွင်း ထုပ်ပိုးပစ္စည်းအတွင်း ကြိုတင် ထည့်သွင်းထား သော (သို့မဟုတ်) ထုပ်ပိုးထားသော အစားအသောက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ဝယ်ယူချိန်၌ ချက်ချင်း ထုပ်ပိုးပေး ခြင်း၊ ရောင်းချသူကိုယ်တိုင် ဆိုင်တွင်ဖြစ်စေ၊ ရွှေ့ပြောင်းသယ်ယူရောင်းချသည့် နေရာတွင်ဖြစ်စေ အစားအသောက်များကို ယာယီထုပ်ပိုးထားခြင်းများ မပါဝင်ချေ။

 

(ထ) ကိုဒက် (CODEX) စံချိန်စံညွှန်းဆိုသည်မှာ နိုင်ငံတကာ အစားအသောက် စံချိန်စံညွှန်းကော်မရှင် (CODEX alimentarius commission) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို ဆိုသည်။

 

#MyanmarFoodGuide

Source: ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

Read times Last modified on Tuesday, 09 August 2022 12:16
Rate this item
(0 votes)