Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၇)

အခန်း (၇)
အထူးလိုက်နာရမည့်အချက်များ ဖော်ပြခွင့်မပြုသည့်အချက်များ

၂၁။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များက ခွင့်ပြုထားခြင်းမရှိသည့် ထုတ်လုပ်ခွင့်၊ လိုင်စင်၊ ထောက်ခံချက်စသည်များနှင့် အလားတူဖော်ပြချက်များ ဖော်ပြခြင်းမပြုရ။

 


၂၂။ အစားအသောက်ထုတ်လုပ်ခြင်းဆိုင်ရာ ကောင်းမွန်သော ကျင့်စဉ်များနှင့် သက်ဆိုင်သည့် ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ် (Good Hygienic Practice)၊ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice)၊ ဘေးအန္တရာယ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးပါသော အချက်အခြာ ထိန်းချုပ်မှု (Hazard Analysis and Critical Control Point)၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ (ISO: International Organization for Standardization) တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်၊ ထောက်ခံချက် အစရှိသည်တို့ရရှိပြီး ယင်းတို့ကို ရည်ညွှန်းသောစာသား၊ သင်္ကေတ၊ အမှတ်အသား၊ တံဆိပ်စာလုံးတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ အသင့်ထုပ်ပိုးထားသောအစားအသောက်၏ အမှတ်တံဆိပ်တွင်ဖော်ပြခြင်း မပြုရ။

 

 

အမှတ်တံဆိပ်တွင် သတင်းအချက်အလက်များ ဖော်ပြခြင်း

၂၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ဖော်ပြချက်များသည် -

 

(က) သာမန်မျက်စိဖြင့် ရှင်းလင်းပြတ်သားစွာ ဖတ်ရှုနိုင်ရမည်။

 

(ခ) ပေါ်လွင်ထင်ရှားပြီး ဖျောက်ဖျက်၍ မရနိုင်သည့် အခြေအနေတွင် ရှိရမည်။

 

(ဂ) နောက်ခံအရောင်နှင့် စာလုံးအရောင်သည် စာလုံးများ ပြတ်သားထင်ရှားမှုကို အထောက်အကူပြုစေရမည်ဖြစ်ပြီး ဒီဇိုင်း၊ ဂရပ်ဖစ်၊ ရုပ်ပုံစသည့် နောက်ခံများနှင့် ရောထွေးမှု မရှိစေရ။

 

(ဃ) စာလုံးအရွယ်သည် မြန်မာအက္ခရာ ‘ဝ’ (ဝလုံး) သို့မဟုတ် အင်္ဂလိပ်အက္ခရာ စာလုံးအသေး 'o' အို) ၏ အရွယ်အနည်းဆုံး တစ်မီလီမီတာ ရှိရမည်။

 

(င) ခေါင်းစဉ်တပ်သည့် စာလုံးသည် အကြောင်းအရာပါ စာလုံးထက်ကြီးမားပြီး ထင်ရှားစွာပေါ်လွင်ရမည်။

 

(စ) ထုပ်ပိုးပစ္စည်း အရွယ်အစားအမျိုးမျိုးအတွက် စာလုံးနှင့်ဖော်ပြချက်များ၏ အရွယ်အစားကို ပြောင်းလဲရာတွင် အချိုးညီစွာ ပြောင်းလဲဖော်ပြရမည်။

 

 

သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၏ စိစစ်မှုဆိုင်ရာ အချက်များ

၂၄။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အစားအသောက် ဘေးန္တရာယ်ကင်းရှင်းရေးအတွက် စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်အရ စားသုံးသူအတွက် အသိပေးဖော်ပြရန် သတ်မှတ်ထားသော အောက်ပါအချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ပယ်ဖျက်ရုပ်သိမ်းမှု မပြုမချင်း မဖြစ်မနေ ဖော်ပြပေးရမည် -

 

(က) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ တရားဝင်ထုတ်ပေးသော အစားအသောက်ခွင့်ပြုချက် လက်မှတ်ကို ရရှိထားခြင်းမရှိသေးလျှင် အမှတ်တံဆိပ်တွင် “သက်ဆိုင်ရာဌာနက စိစစ်ထားခြင်းမရှိသေးပါ” ဆိုသည့် စာသားကို မြန်မာအက္ခရာ 'ဝ' (ဝလုံး) စာလုံးအရွယ် အနည်းဆုံး နှစ်မီလီမီတာ စာလုံးမည်း (Bold) ဖြင့် ဘောင်ခတ်၍ ရေးသားဖော်ပြရမည်။

 

(ခ) မည်သူမဆို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ တရားဝင်ထုတ်ပေးသော အစားအသောက် ထုတ်လုပ်ခွင့် သို့မဟုတ် တင်သွင်းခွင့် သို့မဟုတ် အလားတူလက်မှတ်ကို ရရှိလျှင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းက သတ်မှတ်ဖော်ပြရန် ညွှန်ကြားသည့်အမှတ် သို့မဟုတ် စာသားစသည်တို့ကို မြန်မာအက္ခရာ ‘ဝ’(ဝလုံး) စာလုံးအရွယ် အနည်းဆုံး နှစ်မီလီမီတာ စာလုံးမည်း (Bold) ဖြင့် ဘောင်ခတ်၍ ရေးသားဖော်ပြရမည်။

 

(ဂ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းကစိစစ်၍ ကင်းလွတ်ခွင့်ပြုသည့် ကိစ္စမှအပ ဓာတ်စာ (Food Supplement)၊ ဖြည့်စွက်စာ (Dietary Supplement)၊ ဘယဆေးဖြည့်စွက်စာ (Herbal Supplement) အာနိသင်ထူး အစားအသောက်  (Functional Food) စသည်တို့အပြင် အလားတူ ထုတ်ကုန်များတွင် အောက်ပါဖော်ပြချက်ကို အမှတ်တံဆိပ်ပေါ်တွင် မြန်မာအက္ခရာ ‘ဝ’ (ဝလုံး) စာလုံးအရွယ် အနည်းဆုံး တစ်မီလီမီတာ စာလုံးမည်း(Bold) ဖြင့်ဘောင်ခတ်၍ ရေးသားဖော်ပြရမည် -

“အကျိုးအာနိသင်ကိုစိစစ်မထားပါ။ ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ်စေရန်အတွက်မဟုတ်”

 

 

သတိပေးဖော်ပြရမည့်အချက်များ

၂၅။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူကျန်းမာရေးအတွက် အထူး သတိပေးချက် သို့မဟုတ် သတိပေးချက်ကို အမှတ်တံဆိပ်၌ ဖော်ပြရန်ညွှန်ကြားပါက တိကျစွာ လိုက်နာဖော်ပြရမည်။

 

 

၂၆။ ပြည်သူလူထု ကျန်းမာရေးအတွက် အာဟာရဓာတ် (Nutrient)၊ အာဟာရဖြည့်အစားအသောက် (Fortified Food)၊ မျိုးရိုးဗီဇပြင်အစားအသောက် (Genetically Modified Food) နှင့် ကူးစက်မဟုတ်သော ရောဂါများကာကွယ်ထိန်းချုပ်နိုင်ရေး စသည်တို့နှင့် သက်ဆိုင်သည့် အမှတ်တံဆိပ်တွင် ဖော်ပြရမည့်အချက်များ၊ အညွှန်းစာတွင် ဖော်ပြရမည့်အချက်များ၊ သတိပေးဖော်ပြရမည့်အချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ညွှန်ကြားလျှင် ယင်းအချက်များကို မဖြစ်မနေ ဖော်ပြပေးရမည်။

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Thursday, 25 August 2022 14:10
Rate this item
(0 votes)