Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၄)

အခန်း(၄)

မဖြစ်မနေထပ်မံဖော်ပြရမည့်လိုအပ်ချက်များ

၁၄။ အသင့်ထုပ်ပိုးထားသည့် အစားအသောက်၏ အမှတ်တံဆိပ်တွင် အစားအသောက်၏ သဘောသဘာဝအရ စားသုံးသူကို အသိပေးရန် လိုအပ်ပါက ယင်းလိုအပ်ချက်များကို အောက်ပါအတိုင်း မဖြစ်မနေ ထပ်မံဖော်ပြရမည်-

 

(က) ထားသိုရန် အညွှန်း

ရက်စွဲအမှတ်အသားကို ဖော်ပြထားပြီး ယင်း၏သက်တမ်းသည် ထားသိုသည့်အခြေ အနေပေါ်တွင် မူတည်နေလျှင်ဖြစ်စေ၊ အစားအသောက်၏ မူလအရည်အသွေးသည် ထားသိုသည့် အခြေအနေပေါ်တွင် တည်မှီလျှင်ဖြစ်စေ ယင်းထူးခြားသည့် ထားသိုရန် အခြေအနေကို အမှတ်တံဆိပ်ပေါ်တွင် ထည့်သွင်းဖော်ပြရမည်။

 

(ခ) ပါဝင်ပစ္စည်းပမာဏ

(၁) ရောနှော၍ဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ ရောင်းချသည့်အစားအသောက်အတွက် ပေါင်းစပ်ပါဝင်ပစ္စည်း သို့မဟုတ် ပါဝင်ပစ္စည်းအုပ်စုအပါအဝင် ပါဝင်ပစ္စည်း တစ်ခုချင်း၏ ထုတ်လုပ်ချိန်တွင် ပါဝင်သောရာခိုင်နှုန်း၊ ဆီလျော်သောအလေးချိန် သို့မဟုတ် ထုထည်ကို အောက်ပါအခြေအနေများတွင် မဖြစ်မနေဖော်ပြ ပေးရမည်-

(ကက) ပါဝင်ပစ္စည်းကို အမှတ်တံဆိပ်တွင် စာသား၊ ရုပ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်း တစ်ခုခုဖြင့် အထူးပြုဖော်ပြထားလျှင်၊

 

(ခခ) ပါဝင်ပစ္စည်းသည် အစားအသောက်၏ အမျိုးအမည်တွင် ပါဝင်နေခြင်းမရှိလျှင် သို့မဟုတ် အစားအသောက်၏ ထူးခြားသည့် သွင်ပြင်လက္ခဏာ ဂုဏ်သတ္တိကို ဖော်ဆောင်ရန် အရေးပါလျှင် သို့မဟုတ် အစားအသောက်ရောင်းချမည့်ဒေသရှိ စားသုံးသူများက အစားအသောက်တွင် ယင်းပါဝင်ပစ္စည်းပါဝင်မည်ဟု ယူဆလေ့ရှိလျှင် သို့မဟုတ် ပါဝင်ပစ္စည်းပမာဏကို ဖော်ပြရန် ပျက်ကွက်ခြင်းသည် စားသုံးသူကို နားလည်မှုလွဲမှားစေပြီး လိမ်လည်လှည့်ဖြားရာ ရောက်စေလျှင်၊

 

(၂) ပါဝင်ပစ္စည်းပမာဏကို အောက်ပါအခြေအနေများတွင် ဖော်ပြရန်မလို-

(ကက) ပါဝင်ပစ္စည်းကို အနံ့အရသာအတွက် ရည်ရွယ်၍ ပမာဏအနည်းငယ်သာ ထည့်သွင်းထားလျှင်၊

 

(ခခ) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းတွင် ကုန်ပစ္စည်းအလိုက် ဖော်ပြချက်အတွက် သီးခြားစံချိန်စံညွှန်းဖြင့် သတ်မှတ်ထားလျှင်၊

 

(ဂဂ) ပါဝင်ပစ္စည်းကို အမှတ်တံဆိပ်တွင် စာသား၊ ရုပ်ပုံ သို့မဟုတ် ဂရပ်ဖစ်ဒီဇိုင်း တစ်ခုခုဖြင့် အထူးပြုဖော်ပြထားသော်လည်း အစားအသောက်များအကြား ပါဝင်ပစ္စည်းများ ပမာဏကွဲလွဲမှုသည် အစားအသောက်၏ ထူးခြားသည့် သွင်ပြင်လက္ခဏာ ဂုဏ်သတ္တိကို ဖော်ဆောင်နိုင်ရန်ဖြစ်စေ၊ အလားတူ အစားအသောက်များနှင့် ခွဲခြားနိုင်ရန်ဖြစ်စေ လိုအပ်ချက်မဟုတ်သည့်      အတွက် ဈေးကွက်တင်မည့် နိုင်ငံ သို့မဟုတ် ဒေသရှိ စားသုံးသူကို အစားအသောက်၏ ထူးခြားသည့် သွင်ပြင်လက္ခဏာ ဂုဏ်သတ္တိ အပေါ်လှည့်ဖြားခြင်း၊ နားလည်မှုလွဲမှားစေခြင်းနှင့် မှားယွင်း ထင်မြင်စေခြင်းများ မဖြစ်ပေါ်စေနိုင်လျှင် (ဥပမာ-မြေပဲယိုတွင် ကပ်စေးနှဲပါဝင်နှုန်း)။

 

(၃) အပိုဒ် ၁၄ (ခ) (၁) အရ ပါဝင်ပစ္စည်းပမာဏကို ထုတ်ကုန်၏ အမှတ်တံဆိပ်တွင် ဖော်ပြရာတွင် အောက်ပါအတိုင်း ဖော်ပြရမည်-

(ကက) ကိန်းဂဏန်းရာခိုင်နှုန်းဖြင့်ဖော်ပြရမည်၊

 

(ခခ) ပါဝင်ပစ္စည်းတစ်ခုချင်း၏ ရှိရင်းစွဲရာခိုင်နှုန်း၊ ဆီလျော်သောအလေးချိန် သို့မဟုတ် ထုထည်များကို ယင်းပါဝင်ပစ္စည်းကို အထူးပြုထားသောစာသား၊ ရုပ်ပုံ သို့မဟုတ် ဂရပ်ဖစ်ဒီဇိုင်း၏ အနီးဆုံးတွင်ဖြစ်စေ၊ အစားအသောက် အမျိုးအမည်၏ ဘေးတွင်ဖြစ်စေ၊ ပါဝင်ပစ္စည်းစာရင်းထဲရှိ သက်ဆိုင်ရာ ပါဝင်ပစ္စည်းတစ်မျိုးစီနှင့်ကပ်လျက်ဖြစ်စေ ဖော်ပြရမည်၊

 

(ဂဂ) ပါဝင်ပစ္စည်းတစ်မျိုးမျိုး ပါဝင်ကြောင်း အထူးပြုဖော်ပြပါက ယင်းပါဝင်ပစ္စည်း၏ ပါဝင်မှုအနိမ့်ဆုံး ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ ပါဝင်ပစ္စည်း တစ်မျိုးမျိုး လျော့နည်းပါဝင်ကြောင်း အထူးပြုဖော်ပြပါက ယင်းပါဝင်ပစ္စည်း၏ ပါဝင်မှုအများဆုံး ရာခိုင်နှုန်းကိုသော်လည်းကောင်း ဖော်ပြရမည်၊

 

(ဃဃ) အပူချိန်ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ အစားအစာများ၏ စိုထိုင်းဆလျော့နည်းစေရန် ပြုပြင်စီရင်ပါက ပါဝင်ပစ္စည်း ပမာဏကိုပြုပြင်စီရင်ပြီး နောက်ဆုံးထုတ်ကုန်၏ ပါဝင်ပစ္စည်းကိုသာ ရာခိုင်နှုန်း၊ အလေးချိန် သို့မဟုတ် ထုထည်ဖြင့် ဖော်ပြရမည်၊

 

(ငင) ပါဝင်ပစ္စည်းပမာဏ သို့မဟုတ် ပါဝင်ပစ္စည်းအားလုံး၏ စုစုပေါင်းပမာဏသည် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ပြုပြင်စီရင်ပြီး နောက်ဆုံးထုတ်ကုန် ၁၀၀ ဂရမ်အတွက် ပြန်လည်တွက်ချက်ထားသော ပါဝင်ပစ္စည်းအလေးချိန်ဖြင့် အစားထိုးဖော်ပြရမည်၊

 

(ဂ) ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထားသော အစားအသောက်များ (Irradiated food) အိုင်ယွန်ဖြိုခွဲသော ဓာတ်ရောင်ခြည်ကို (lonizing radiation) အသုံးပြု၍ ပြုပြင် ထုတ်လုပ်ထားသော အစားအသောက်များ၏ အမှတ်တံဆိပ်တွင် အောက်ပါ သတ်မှတ်ချက်များအတိုင်းဖော်ပြရမည် -

(၁) ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထိန်းသိမ်းထားကြောင်းကို “ ဓာတ်ရောင်ခြည်ဖြင့်ပြုပြင်ထားသည်(Treated by irradiation) ” ဟု အစားအသောက်အမျိုး အမည်နှင့် အနီးကပ်ဆုံးတွင် ရေးသားဖော်ပြရမည်။ အောက်တွင်ဖော်ပြပါရှိသော နိုင်ငံတကာသုံး သင်္ကေတကို ထည့်သွင်းဖော်ပြလိုပါက အစားအသောက် အမျိုးအမည်နှင့်အနီးကပ်ဆုံးတွင်ဖော်ပြရမည်။

Capture____1.JPG

 

 

(၂) ဓာတ်ရောင်ခြည်ဖြင့်ပြုပြင်ထားသော ထုတ်ကုန်များကို အခြားစားသောက်ကုန်တွင် ပါဝင်ပစ္စည်းတစ်ခုအနေဖြင့် အသုံးပြုထားပါက ယင်းပစ္စည်းကို ပါဝင်ပစ္စည်းစာရင်း၌ ဖော်ပြရမည်။

 

(၃) ပါဝင်ပစ္စည်းတစ်ခုတည်းရှိသော ထုတ်ကုန်ကို ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထားသော ကုန်ကြမ်းပစ္စည်းမှ ပြင်ဆင်ထုတ်လုပ်ထားပါက ယင်းသို့ပြုပြင်ထုတ်လုပ်ထားသည့် ပစ္စည်းသုံးစွဲထားကြောင်း ဖော်ပြရမည်။

 

(ဃ) အဖျော်ယမကာအတွက်ဖော်ပြခြင်း (Alcoholic Beverages)

အရက်ပါဝင်သည့် အဖျော်ယမကာများဖြစ်ပါက အရက်ပါဝင်မှုထုထည် (% alcohol by volume) (Alc % vol) (%ABV) သို့မဟုတ် သတ်မှတ်ယူနစ် (degree of proof) ကိုထင်ရှားစွာဖော်ပြရမည်။

 

(င) သတိပေးချက်(Warning)

အသက်အရွယ်အုပ်စု တစ်ခုခုကို ရည်စူးလျှင်ဖြစ်စေ၊ ဇီဝကမ္မ သို့မဟုတ် ရောဂါအခြေ အနေတစ်ရပ်ရပ်အတွက် လျော်ညီစေရန် ပြုပြင်ထုတ်လုပ်ထားလျှင်ဖြစ်စေ၊ ဇီဝကမ္မ သို့မဟုတ် ရောဂါအခြေအနေတစ်ရပ်ရပ်အတွက် မသင့်လျော်လျှင်ဖြစ်စေ၊ စားသုံးသင့်သည့်ပမာဏ သို့မဟုတ် ကာလအကန့်အသတ်ရှိလျှင်ဖြစ်စေ၊ အလားတူအခြေအနေများတွင်ဖြစ်စေ သတိပေးချက်ကို ရှင်းလင်းပြည့်စုံစွာဖော်ပြပေးရမည်။

 

(စ) အာဟာရတန်ဖိုး (Nutrition facts)

အစားအသောက်တစ်ခုတွင် ဗီတာမင်၊ သတ္တုဓာတ်စသည့် အာဟာရဓာတ်များကို ထပ်လောင်းဖြည့်စွက်ထားလျှင်ဖြစ်စေ၊ အာဟာရဓာတ်တစ်ခုခုကို လျှော့ချ၍လည်းကောင်း၊ ဖယ်ရှား၍လည်းကောင်း ရည်ရွယ်ပြုပြင်ထားလျှင်ဖြစ်စေ၊ အထူးအာဟာရ တန်ဖိုးများရှိကြောင်း အညွှန်းစာတွင် ဖော်ပြထားလျှင်ဖြစ်စေ အာဟာရတန်ဖိုး ဖော်ပြခြင်း (Nutrition facts) ကို မဖြစ်မနေဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် သတ်မှတ် ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ကိုဒက် (Codex) ၏ အာဟာရတန်ဖိုး အမှတ်တံဆိပ်ကပ် ခြင်းဆိုင်ရာ လမ်းညွှန်နှင့် ပြင်ဆင်ပြဋ္ဌာန်းချက်များ (Codex guidelines on Nutrition labelling CAC/GL 2-1985) အရဖြစ်စေ၊ မြန်မာစံချိန်စံညွှန်းအရဖြစ်စေ ဖော်ပြရမည်။

 

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Thursday, 18 August 2022 15:38
Rate this item
(0 votes)