Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၅)

အခန်း(၅)
အညွှန်းစာဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ

 

၁၅။ အသင့်ထုပ်ပိုးထားသော အစားအသောက် ၏အမှတ်တံဆိပ်တွင် အောက်ပါအညွှန်းစာများကို ဖော်ပြခြင်း မပြုရ -

(က) ကိုဒက် (Codex) စံချိန်စံညွှန်းသတ်မှတ်ချက်နှင့် ညီညွတ်သော အညွှန်းစာများ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အသိအမှတ်ပြုထားသော အစားအသောက် အညွှန်းစာများမှအပ နေ့စဉ်လိုအပ်သော အခြေခံအာဟာရဓာတ်များကို လုံလုံလောက်လောက် ပေးစွမ်းနိုင်သည်ဟု ညွှန်းဆိုထားသည့် အညွှန်းစာများ၊

 

(ခ) မျှတချင့်ချိန်အစာနှင့် နေ့စဉ်စားသုံးသော အစားအသောက်များသည် လုံလောက်သောအာဟာရဓာတ် ပေးစွမ်းနိုင်ခြင်းမရှိဟု အဓိပ္ပါယ်သက်ရောက်စေသော အညွှန်းစာများ၊ (ဂ) သက်သေအချက်အလက် ခိုင်မာမှုမရှိသော အညွှန်းစာများ၊

 

(ဃ) အောက်ပါအခြေအနေများမှအပ ရောဂါဝေဒနာ၊ နာမကျန်းဖြစ်ခြင်းများကို ကာကွယ်ကုသနိုင်သည်၊ သက်သာပျောက်ကင်းစေနိုင်သည်ဟု ညွှန်းဆိုထားသော အညွှန်းစာများ -

(၁) အထူးအာဟာရ အစားအသောက်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များနှင့်ညီညွတ်ခြင်း၊

 

(၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားခြင်း၊

 

(င) သဘောသဘာဝတူညီသော အခြားအစားအသောက်၏ ဘေးကင်းမှုကို စားသုံးသူသံသယဖြစ်စေနိုင်သော သို့မဟုတ် စိုးရွံ့ ထိတ်လန့်စေနိုင်သောအညွှန်းစာများ၊

 

(စ) မူလပါဝင်ပစ္စည်းတွင် မပါဝင်ဘဲ စားသုံးသူကို ဆွဲဆောင်ရန်ရည်ရွယ်၍ ထပ်ပေါင်းထည့်သွင်းထားသည့် အရောင်၊ အဆင်း၊ အနံ့နှင့် အရသာကဲ့သို့သော အစားအသောက် ထပ်ဖြည့်ပစ္စည်ကို အမွှမ်းတင်၍ ပါဝင်ပစ္စည်းအပေါ် လှည့်ဖြားသည့် အညွှန်းစာများ၊

 

 

၁၆။ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် အောက်ပါကဲ့သို့သော အညွှန်းစာများကို ဖော်ပြခြင်း မပြုရ -

(က) မပြည့်စုံသော နှိုင်းယှဉ်ပြခြင်းများ၊ အသာလွန်ဆုံး၊ အကောင်းဆုံးဟု အမွှန်းတင်ခြင်း များ၊ “ပွဲတွေ့၊ ကိုယ်တွေ့ ”အစရှိသည့် အဓိပ္ပာယ်မဲ့ အညွှန်းစာများ၊

 

(ခ) ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်အရ ထုတ်လုပ်ထားခြင်းကို “ကျန်းမာစေသော”၊ “ကျန်းမာရေးအတွက် ကောင်းမွန်သော” “ကျန်းမာရေးအတွက် သင့်လျော်သော” အစ ရှိသည့် အလားတူ အဓိပ္ပာယ်သက်ရောက်စေသော အသုံးအနှုန်းများဖြင့် ဖော်ပြထားသည့် အညွှန်းစာများ၊

 

 

၁၇။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်အညွှန်းစာများကို ဖော်ပြရာ၌ -

(က) အစားအသောက်တစ်ခုသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမိုင်နိုအက်စစ်ကဲ့သို့သော အာဟာရဓာတ်များကို ထပ်လောင်းဖြည့်စွက်ထားခြင်းကြောင့် သာမန်ထက်ပိုမိုသော အာဟာရတန်ဖိုး သို့မဟုတ် အထူးအာဟာရတန်ဖိုးများရှိကြောင်း ညွှန်းဆိုဖော်ပြလိုလျှင် ထိုထပ်လောင်းဖြည့်စွက်မှုသည် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ အမိန့်ညွှန်ကြားချက်များပါ အာဟာရဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖြည့်စွက်ခြင်းဖြစ်ရမည်။ ယင်းကဲ့သို့ ညွှန်းဆိုဖော်ပြမှုသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ရမည်။

 

(ခ) အစားအသောက်တစ်ခုမှ အာဟာရဓာတ်တစ်ခုခုကို လျှော့ချ၍သော်လည်းကောင်း၊ ဖယ်ရှား၍သော်လည်းကောင်း ထိုအစားအသောက်၌ ထူးခြားအာဟာရတန်ဖိုးရှိကြောင်း ညွှန်းဆိုဖော်ပြလိုလျှင် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ အမိန့်ညွှန်ကြားချက်များပါ အာဟာရဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီဖြစ်ရမည်။ ယင်းကဲ့သို့ ညွှန်းဆိုဖော်ပြမှုသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ရမည်။

 

(ဂ) “သဘာဝ”၊ “စစ်မှန်သော” ၊ “စစ်စစ်”၊ “လတ်ဆတ်သော”၊ “အိမ်တွင်းဖြစ်”၊ “အော်ဂဲနစ်”၊“ဇီဝနည်းပညာသုံး”အစရှိသည့် အလားတူအသုံးအနှုန်းများ သုံးစွဲခြင်းသည် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်ရမည်။

 

(ဃ) ဘာသာရေး သို့မဟုတ် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရှိ အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သို့မဟုတ် ယင်းအဖွဲ့ အစည်းများ၏ ခွင့်ပြုချက်ရှိပါက ဘာသာတရား သို့မဟုတ် ဓလေ့ထုံးတမ်းနှင့်အညီ ပြင်ဆင်ထားသော အစားအသောက်ဟု (ဥပမာ- ဟာလာ၊ ကိုရှာစသည်ဖြင့်) ဖော်ပြနိုင်သည်။

 

(င) အစားအသောက်တစ်ခုတွင် ထူးခြားသည့် အာနိသင်ရှိကြောင်း ဖော်ပြသည့် အညွှန်းစာသည် အလားတူအစားအသောက်များတွင်ပါ ထိုအာနိသင်ရှိကြောင်း သိသာထင်ရှားစေပါက ဖော်ပြနိုင်သည်။

 

(စ) ပစ္စည်းတစ်ခုခုပါဝင်ခြင်းမရှိကြောင်း သို့မဟုတ် ထပ်မံဖြည့်စွက်ထားခြင်းမရှိကြောင်းထင်ရှားအောင်ဖော်ပြလိုလျှင် ထိုပစ္စည်းသည် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီ ပါက ထင်ယောင်ထင်မှားမဖြစ်စေဘဲ ဖော်ပြနိုင်သည် -

(၁) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်းအရ မဖြစ်မနေပါဝင်ရမည့် ပစ္စည်းမဟုတ်ခြင်း၊

 

(၂) ယင်းအစားအသောက်တွင် ပုံမှန်အားဖြင့် ပါဝင်သည်ဟု စားသုံးသူများက ယူဆမြဲဖြစ်သော ပစ္စည်းဖြစ်ခြင်း၊

 

(၃) ဂုဏ်သတ္တိတူ အစားအသောက်မျိုးရရှိစေရန် အစားထိုးပစ္စည်း သုံးစွဲမထားခြင်း၊ သုံးစွဲလျှင်လည်း ထိုအစားထိုးပစ္စည်း၏ သဘောသဘာဝကိုထင်ရှားအောင်ဖော်ပြထားခြင်း၊

 

(၄) အစားအသောက်ထဲတွင် ပါဝင်မြဲဖြစ်သည့် ပစ္စည်းဖြစ်ခြင်း သို့မဟုတ် ခွင့်ပြုထားသော ထပ်ဖြည့်ပစ္စည်းဖြစ်ခြင်း၊

 

(ဆ) အာဟာရဓာတ်တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ပါဝင်ခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ထားခြင်းမရှိကြောင်း ထင်ရှားအောင်ဖော်ပြခြင်းကို အာဟာရဆိုင်ရာ ဖော်ပြချက် ဟုမှတ်ယူ၍ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း သို့မဟုတ် သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ အာဟာရလမ်းညွှန်ချက်ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖော်ပြရမည်။

 

(ဇ) ထုပ်ပိုးပစ္စည်း သို့မဟုတ် အစားအသောက် သို့မဟုတ် အမှတ်တံဆိပ်ကို စွန့်ပစ်ရန်ဖြစ်စေ၊ ရှင်းလင်းဖယ်ရှားရန်ဖြစ်စေ၊ ယင်းတို့နှင့် ဆက်စပ်ပစ္စည်းတို့၏ အမျိုးအစားနှင့် ဆောင်ရွက်ရန်အညွှန်းတို့ကိုဖြစ်စေ စာသား၊ ရုပ်ပုံ၊ သင်္ကေတ စသည့်အလားတူ ဖော်ပြချက်တို့ဖြင့် ဖော်ပြရာတွင် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖော်ပြရမည်။

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Friday, 19 August 2022 10:48
Rate this item
(0 votes)