Food & Livestock
မိုင်းယုမြို့တွင် မိုးမခမျှစ်ခါးစားသုံးသူများပြားလာသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် မိုးမခမျှစ်ခါးစားသုံးသူများပြားလာသည့်အတွက်
မိုးမခမျှစ်ခါး ရှာဖွေတူးဖော်ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။
ဒေသခံတိုင်းရင်းသားများ၏ ဒေသအစားအစာများအနက် တစ်နှစ်မှတစ်ခါတည်းသာ စားခွင့်ရသော သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြီး နှောင်းတန်ခူးလတွင် မြေကြီးအတွင်းတွင် မြှုပ်နေသည့် မိုးရေမထိတွေ့သေးသော မျှစ်ခါးကို စတင်တူးယူကြရပါတယ်။
တန်ခူးလနှောင်းပိုင်းနှင့် ကဆုန်လဆန်းကာလအကြား သင်္ကြန်မိုးကျပြီးနောက် မျှစ်ခါးပင်မှာ မိုးရေကိုရရှိ၍ ယင်းပင်စည်မှတစ်ဆင့် မျှစ်စို့စတင်ထွက်ရှိလာကာ မြေပေါ်သို့ ယင်းမျှစ်စို့စတင်ထွက်ပေါ်လာချိန်တွင်တူးယူခြင်းသည် အခါးဓာတ်ကင်းမဲ့နေပြီး ချိုမြိန်သော မိုးမခမျှစ်ခါးအရသာကို ရရှိစေကြောင်း ထိုမျှစ်စို့များ မြေပေါ်သို့ စတင်ထွက်ပေါ်လာချိန်တွင် မိုးရေထိတွေ့ပါက အချိုအဖြစ်မှ အခါးအဖြစ်သို့ သဘာဝအလျောက်ပြောင်းလဲသွားသောကြောင့် “မျှစ်ခါး” ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်မိုးကျပြီးနောက် မြေပေါ်သို့ အစို့စတင်ထွက်ပေါ်လာချိန်၌ပင် ဒေသခံတိုင်းရင်းသားများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်းသော်လည်းကောင်း၊ မျှစ်ခါးပင်ရှိရာ တောတောင်လျှိုမြောင်များသို့ သွားရောက်၍ ယင်းမျှစ်ခါးပင်စည်အခြေရှိ မိုးမခသေးသည့် မျှစ်ဦးစို့များအား အပေါ်ယံအနည်းငယ်တူးဖော်ကြည့်ကာ မြင်တွေ့ပါက မြေအနက်တစ်ပေနီးပါးအထိ ဆက်လက်တူးမှသာလျှင် ချိုမြိန်သော မိုးမခမျှစ်ခါးရရှိကြောင်း မျှစ်ခါးရှာဖွေတူးဖော်ရောင်းချသူများထံမှ သိရပါတယ်။
ယင်းသို့ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ တို့စရာဟင်းလျာအဖြစ်လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း ရှားပါးစွာ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါး ငါးချောင်းမှ ခြောက်ချောင်းပေါင်း တစ်စည်းလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အကြား ရောင်းချနေရကြောင်း သိရပါတယ်။
Source: Myawaddy