Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးငရုတ်သီး အထွက်နှုန်း တိုးလာသော်လည်း ယခင်နှစ်ကထက် ဈေးနှုန်း ကျဆင်း

ယခုနှစ်  မိုးငရုတ်သီး လှိုင်လှိုင်ပေါ်ချိန်တွင်  အထွက်နှုန်း တိုးလာသော်လည်း  ဈေးနှုန်းကျဆင်းသဖြင့် ကုန်ကျစရိတ် ဆုံးရှုံးနေကြောင်း ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

 

မြန်မာနိုင်ငံ၌  မိုးငရုတ်ကို ဧပြီလတွင် စတင်ပျိုးထောင်ပြီး ဇွန်လအတွင်း စိုက်ပျိုးကာ  စက်တင်ဘာလဆန်းတွင် စတင်ဆွတ်ခူးကြကြောင်း သိရသည်။

 

''မိုးငရုတ်ကို  အရင်နှစ်ကထက်  ပိုစိုက်ထားတယ်။ အခု မိုးငရုတ်ရှည် တစ်ပိဿာကို ငွေကျပ် ၃၈ဝဝ ကနေ ၄၅ဝဝ ကြားပဲရတော့ ငရုတ်သီးဆွတ်ခူးစရိတ်နဲ့ ပိုးမကျအောင် အသုံးပြုရတဲ့စရိတ်က များနေတယ်။ ၁ ဧကအထွက်နှုန်းက  အရင်နှစ်ထက် သုံး၊ လေးပိဿာလောက်  ပိုလာတယ်။ ကြားပွဲစားတွေကတစ်ဆင့်  ရောင်းတာဖြစ်တဲ့အတွက်   ဈေးကစားတာခံရတယ်။  ပွဲရုံတွေကို တိုက်ရိုက် သွင်းပြန်ရင်လည်း သယ်ယူပို့ဆောင်စရိတ် တက်လာဦးမယ်''ဟု မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ရှိ ငရုတ်စိုက်တောင်သူ ဦးမင်းအောင်ကပြောသည်။

 

ငရုတ်စိုက်တောင်သူများသည် စိုက်ပျိုးချိန်တွင်  လိုအပ်သည့် ငွေကြေးအရင်းအနှီးကို  ကြားခံပွဲစားများထံမှ လည်းကောင်း၊  မြို့ပေါ်ရှိ   ပွဲရုံများမှ လည်းကောင်း ကြိုတင်ထုတ်ယူမှုများ ရှိခြင်းကြောင့် ပွဲရုံများမှ ဖြတ်ပေးသည့် ဈေးဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

 

''၁ ဧက ကုန်ကျစရိတ်က   ငွေကျပ်တစ်သိန်း ဝန်းကျင်လောက်ရှိတယ်။ စစိုက်ကတည်းက ဆေးဖျန်းတာနဲ့ ပေါင်းနုတ်တဲ့ ကုန်ကျစရိတ်တွေ ရှိနေတော့ ဈေးကောင်းရင် တောင်သူတွေ အဆင်ပြေတယ်။  ဆောင်းဝင်လာရင်လည်း  အသီးပုပ်ပိုးကျတဲ့အတွက်  အခုချိန်က အထွက်ကောင်းတဲ့ အချိန်ဖြစ်သလို ဈေးကောင်းရဖို့လည်း  မျှော်လင့်ပါတယ်''  ဟု  နေပြည်တော်  လယ်ဝေးရှိ ငရုတ်စိုက်တောင်သူ ဦးဝင်းရွှေကပြောသည်။

 

လက်ရှိတွင် ငရုတ် ၁ ဧကလျှင် ပျိုးပင်ပေါင်း ၁ဝဝဝဝ မှ ၁၃ဝဝဝ ကြား စိုက်ပျိုးရပြီး   လုပ်သားငါးဦးခန့်  ငှားရမ်းရသဖြင့်  ၁ ဧကလျှင်  ငွေကျပ် တစ်သိန်းကျော် ကုန်ကျကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ငရုတ်ကို Re-export စနစ်ဖြင့် ပြည်ပတင်ပို့ခွင့် ပြုထားသော်လည်း လက်ရှိတွင် ပြည်ပတင်ပို့မှုထက် ပြည်တွင်းသုံးစွဲမှု မြင့်မားနေကြောင်း သိရသည်။

Source: Myawady

Read times
Rate this item
(0 votes)