Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ သကြားတင်သွင်းခွင့် ကိုထိန်းညှိပေးခြင်းဖြင့် ပိုမိုအရှိန်ရလာမည့် ပြည်တွင်းကြံစိုက်ပျိုးရေးနှင့် သကြားဈေးကွက်

နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၌ ကြံရာသီ ရောက်ရှိလာပြီဖြစ်သည်။ သြဂုတ် လမှစ၍ ပြည်တွင်းမှ သကြားအဓိက တင်ပို့နေသည့် တရုတ်နိုင်ငံ၌

အဖမ်း အဆီးများ ရှိသဖြင့် ယင်းနိုင်ငံသို့ တင်ပို့မည့် သကြားကို ပြည်တွင်း ဈေးကွက်၌ ရောင်းချနေ၍ ပြည်တွင်းဈေးကွက်၌ သကြားဈေးနှုန်း ကျဆင်းလာရခြင်းဖြစ်သည်။


ပြည်တွင်း၌ နိုဝင်ဘာလကုန်မှ မတ်လအထိ ကြံကြိတ်ခွဲသည့် ကာလဖြစ်ရာ ယင်းကာလအတွင်း ပြည်ပမှ သကြား တင်သွင်းမှုကို ရပ်တန့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကြံနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးကပြောသည်။ ''ဒီအချိန် သကြားတင်သွင်းခွင့်တွေကို ရပ်ထားသင့်ပါတယ်။ နိုဝင်ဘာလ ကုန်ကနေမတ်လအထိ စက်လည်တော့မှာပါ။


ဒီကာလကျော်မှ သကြား တင်သွင်း ခွင့်ပေးတာ ပိုကောင်းမယ်ထင်ပါတယ်'' ဟု ဦးဝင်းဌေးက ပြောသည်။ ယခင်က ပြည်ပမှလုပ်ငန်းသုံး လိုင်စင်နှင့်ပြန်လည်တင်ပို့ကုန်အဖြစ် Re-export သကြားတင်သွင်းခွင့်ဟူ၍ လိုင်စင်နှစ်ခုဖြင့် တင်သွင်းခွင့်ပြုခဲ့ပြီးပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် Re-export လိုင်စင်ဖြင့် သကြားတင်သွင်းခွင့်ကို ယခင်လများက ပိတ်ထားခဲ့ရာ လတ်တလောတွင် လုပ်ငန်းသုံးလိုင်စင်ဖြင့်သာ သကြားတင်သွင်းခွင့် ရှိကြောင်းသိရသည်။


''Re-export က လုံးဝပိတ်လိုက်ပြီ။ လုပ်ငန်းသုံးလိုင်စင်နဲ့ ပေးတာရှိသေးတယ်။ Re-exportက တရုတ်နိုင်ငံက မဝယ်ရင် ပိတ်လိုက်သင့်တယ်'' ဟု ဦးဝင်းဌေးကပြောသည်။ ပြီးခဲ့သည့်နှစ်က သကြားဈေးကောင်းခဲ့သဖြင့် ကြံတိုးချဲ့စိုက်ပျိုးရာ ယခုနှစ်အတွင်း အထွက်နှုန်း ကောင်းနိုင်မည်ဖြစ် ကြောင်းသိရသည်။

 

့ပြည်တွင်း၌ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ သကြားစက်ရုံ ၂၄ ရုံရှိကာ စက်ရုံများနှင့် အနီးတစ်ဝိုက် ဒေသတို့၌ ကြံများစိုက်ပျိုးပြီး ကြံရာသီချိန်တွင် ကြိတ်ခွဲ လေ့ရှိသည်။ ထိုသို့ကြိတ်ခွဲသော်လည်း သကြားစက်များမှာ သေးသဖြင့် ပြည်တွင်းကြံ အထွက်နှုန်းနှင့် အညီကြိတ်ခွဲနိုင်ရေး သကြားစက်များကို အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။

 

''သကြားစက်တွေကို တိုးချဲ့ပြီး စက်အကြီးတွေဖြစ်ဖို့ လိုတယ်။ အခုစက်တွေက သေးတယ်။ စက်အသစ် တည်ဆောက်ဖို့နဲ့ စက်အဟောင်းတွေ အဆင့်မြှင့်တင်ဖို့က ကြံစိုက်ပြီး ပြန်ဝယ်မယ့်သူမရှိရင် လုပ်လို့မရဘူး။ ကြံကလည်း ကြိတ်တဲ့စက်ရှိမှသာ စိုက်လို့ရတာပါ။ စက်တွေကို အဆင့်မြှင့်တင်ဖို့နဲ့ အစိုးရကနေ ဘဏ်ချေးငွေ တွေ ထုတ်ပေးဖို့လိုအပ်ပါတယ်'' ဟု ဦးဝင်းဌေးကပြောသည်။

 

ပြည်တွင်း၌ ယခင်နှစ်များက ကြံတစ်တန်လျှင် ငွေကျပ်ငါးသောင်းခွဲအထိ ဈေးနှုန်းရရှိခဲ့ သဖြင့် နှစ်စဉ် ကြံစိုက်ရာသီများတွင် ဧကများ တိုးချဲ့စိုက်ပျိုးလာကြခြင်း ဖြစ်သည်။ ထိုသို့ တိုးချဲ့စိုက်ပျိုးကြရာတွင် ယမန်နှစ်က ၃ဝရာခိုင်နှုန်းနှင့် ယခုနှစ်တွင် ၂ဝ ရာခိုင်နှုန်း ထပ်မံတိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဝက်ထီးကန်မြို့နယ်အတွင်း ကြံစိုက်ပျိုးမှုများ ပြုလုပ်နေသည့် ရွှေပြည်မြေ ကုမ္ပဏီကလည်း စိုက်ပျိုးခဲ့သည့် ငါးနှစ်တာကာလအတွင်း နှစ်စဉ်တိုးချဲ့စိုက်ပျိုးလာရာ ယခုနှစ်တွင် ဧက ၉ဝဝ အထိ စိုက်ပျိုးလျက်ရှိပြီး လာမည့် ကြံစိုက်ရာသီတွင်လည်း ဧက ၅ဝဝ ထပ်မံတိုးချဲ့စိုက်ပျိုးမည်ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းနိုင်က ပြော သည်။

 

''ထွက်လာတဲ့ကြံကို ပြည်မြို့မှာရှိတဲ့ နဝဒေးစက်ရုံကိုပို့တယ်။ မနှစ်က သကြားဈေးကောင်းတယ်။ ဒီနှစ်ဈေးတက်၊ မတက်ဆိုတာကတော့ တစ်လ လောက်မှ ဝယ်မယ့်ဈေးကို ကြိုပြောတဲ့အတွက် မနှစ်ကရခဲ့တဲ့ ဈေးကိုပဲ မှန်းထားရတယ်'' ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။ ကြံတစ်ဧက စိုက်ပျိုး စရိတ်မှာ ငွေကျပ်သုံးသိန်းခွဲမှ ငါးသိန်းကြားအထိရှိကာ ရေသွင်းပြီး မြေသြဇာကျွေးနိုင်ပါက တစ်ဧကလျှင် တန်ချိန် ၄ဝ ခန့်နှင့် မြေသြဇာမကျွေး နိုင်ပါက ၁၅ တန်မှ တန် ၂ဝ ကြားသာ ထွက်ရှိသည်။

 

ထို့ပြင် ကြံ တစ်တန်လျှင် ပျမ်းမျှ ငွေကျပ် ၄၅ဝဝဝ ရရှိပါက တစ်ဧကလျှင် ငွေကျပ် ၁၆ သိန်းသာရရှိရာ ကြံခုတ်ခ၊ သယ်ယူစရိတ်၊ စိုက်ပျိုးစရိတ်နှင့် သွင်းအား စုစရိတ်များ ဖယ်လိုက်ပါက တစ်ဧကလျှင် ငွေကျပ် ၁ဝသိန်းကျော် အမြတ်ကျန်ကာ တခြားသီးနှံများထက် တွက်ခြေပိုကိုက်သဖြင့် တိုးချဲ့ စိုက်ပျိုးလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်က တန်ချိန်ငါးသိန်းခန့်သာ ကြိတ်ခွဲခဲ့ရသည့် စက်များမှာ လက်ရှိတွင် တန်ချိန် ၁ဝ သိန်းခန့်အထိ ထက်ဝက်ကျော် တိုးချဲ့ကြိတ်ခွဲလာရကြောင်း သိရသည်။

 

ပြည်ပမှ သကြား တင်သွင်းရာတွင် လုပ်ငန်းသုံးလိုင်စင်နှင့် ပြန်လည်တင်ပို့ကုန်စနစ်ဖြင့် နှစ်ပိုင်းဆောင်ရွက်နေသည့်အပြင် မှောင်ခိုတင်သွင်းခြင်းများ ပါရှိနေသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူမှုလျော့နည်းချိန်တွင် ပြည်တွင်း၌ သကြားများ စုပုံလာကာ ဈေးကွက်ထိခိုက် လာခြင်းဖြစ်သည်။

 

နိုဝင်ဘာလတွင် ကြံရာသီ စတင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ နေရာဒေသပေါ်မူတည်၍ ကြံစက်များမှ ဈေးဖြတ်ဝယ်ယူမည်ဖြစ်သည်။ ပျမ်းမျှသကြားတစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝ ရှိပါက ကြံတစ်တန်ဈေးနှုန်းမှာ ငွေကျပ် ၄၁၅ဝဝ ရရှိမည်ဖြစ်ပြီး သကြားတစ်ပိဿာလျှင် ဈေးနှုန်း ငွေကျပ် ၁၁၅ဝ ရှိပါက ကြံတစ်တန် ဈေးနှုန်းမှာ ငွေကျပ်၄၂ဝဝဝ စသည်ဖြင့် သကြားဈေးနှုန်းများအလိုက် ကြံဈေးနှုန်းကို သတ်မှတ်ဝယ်ယူမည်ဖြစ်သည်။

 

လတ်တလောတွင် မန္တလေး ဈေးကွက်၌ သကြားတစ်တန်လျှင် ငွေကျပ် ၆၈ဝဝဝဝ ဝန်းကျင်ရှိပြီး သကြားတစ်ပိဿာလျှင် ငွေကျပ် ၁၁၅ဝ ဝန်းကျင်အထိရှိနေကာ မူဆယ် ဈေးကွက် အရောင်းမရပ်မီနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလျက်ရှိသည်။ ပြည်တွင်း၌ ကြံများထွက်ရှိ ကြိတ်ခွဲချိန်ဖြစ်သည့် နိုဝင်ဘာလမှ မတ်လအထိ ဈေးနှုန်းများ ဆက်လက်ကျဆင်းပါက တောင်သူများနစ်နာနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီးမှ ကြံစိုက်ပျိုးသူ ဦးကျော်ထွန်းကပြောသည်။

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၄၈၃ သန်းတန်ဖိုးရှိ သကြားမက်ထရစ်တန်ချိန် ၁၂၁၈၅ တန်နှင့် အမေရိကန် ဒေါ်လာ၇၁၆ ဒသမ ၂၄၁ သန်းတန်ဖိုးရှိ Re-export သကြား မက်ထရစ် တန်ချိန် ၁၁ဝ၃၃၁၇ ဒသမ ၄၉ဝ တင်ပို့နိုင်ခဲ့သည်။ ယခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်၂၇ ရက်အထိ အမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၁ဝ၇ သန်းတန်ဖိုးရှိ Re-export သကြား မက်ထရစ်တန်ချိန် ၂၆၁၇ဝ၄ ဒသမ ၆ဝဝ တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ အဆိုပါ စာရင်းများအရ ပြည်တွင်း၌ ကြံစိုက်ပျိုးမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီဖြစ်သည်။ ''စိုက်ပျိုးထုတ်လုပ်နေတာ အရှိန်ကောင်းတဲ့ အချိန်မှာ အဲဒီအခြေအနေ ပျက်စီးသွားမှာ စိုးရိမ်ပါတယ်။

 

 ပြည်ပသကြားဝင်ရောက်မှုကြောင့် အရှိန် ရပ်တန့်သွားမှာ စိုးရိမ်တယ်။ ဒီထက်တိုးပြီး ကိုယ့်နိုင်ငံက စိုက်ပျိုး ထုတ်လုပ်မှုကို ပိုမြင့်လာအောင် အားပေးစေချင်ပါတယ်'' ဟု ဦးဝင်းဌေး ကပြောသည်။ လတ်တလော စက်မှုသီးနှံဌာနက မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မျိုးခြံများ ရှိသဖြင့် မျိုးရရှိမှုနှင့် သွင်းအားစုများအတွက် အဆင်ပြေမှုရှိနေကြောင်း သိရသည်။

 

ပြည်တွင်း၌ အရှိန်ရစပြုလာသည့် ကြံစိုက်ပျိုးရေးကို အရှိန် လျော့မသွားစေရန် စိုက်ပျိုးသူများ မျှော်လင့်သည့်အတိုင်း နိုဝင်ဘာလတွင် စတင်မည့် ကြံရာသီချိန်၌ ပြည်ပမှ လုပ်ငန်းသုံးလိုင်စင်ဖြင့် သကြား တင်သွင်းခွင့်များကို ပိုမိုစိစစ် ကြပ်မတ်ခွင့် ပြုပေးသင့်သည့်အပြင် ကြံစိုက်ပျိုး ရေးကဏ္ဍ တိုးတက်စေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးခြင်းဖြင့် သကြားလိုအပ်ချက် များပြားနေသည့် အိမ်နီးချင်းနိုင်ငံများသို့ သီးနှံ တိုက်ရိုက် ရောင်းချခြင်းဖြင့် ပြည်ပဝင်ငွေတိုးတက်စေရန် ဆောင်ရွက်ပေး သင့်ပါတယ်။


Source: Myawady

Read times
Rate this item
(0 votes)