Food & Livestock
ဝယ်လိုအားများသည့် ပဲ၊ ဟင်းသီးဟင်းရွက်များကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သင့်
မြန်မာနိုင်ငံမှ အစေ့အဆန်၊ ပဲ၊ ဟင်းသီးဟင်းရွက်များကို ဈေးကွက်ဝယ်လိုအားများသည့် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သင့်ကြောင်း
ရန်ကုန်မြို့ ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ကိုရီးယား ဈေးကွက်သို့ ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားမှ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိသော အစေ့အဆန်၊ ပဲ၊ ဟင်းသီးဟင်းရွက်များကို တောင်ကိုရီးယားနိုင်ငံမှ ဈေးကွက်ဝယ်လိုအားများသည့်အတွက် တင်ပို့နိုင်ရန်လုပ်ဆောင်သင့်ကြောင်း Kyung Hee University ပါမောက္ခ Hyun Young Park က သုံးသပ်ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ လယ်ယာထွက်ကုန်တွေကို တင်ပို့တာနဲ့ပတ်သက်လို့ အထောက်အကူပေးမယ့်အဖွဲ့အစည်းတွေဖွဲ့စည်းပြီး ထွက်ကုန်တွေကို ပြည်ပတင်ပို့လိုသူတွေအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ၊ အထောက်အထားတွေရရှိအောင် ကူညီဆောင်ရွက်ပေးတာမျိုးရှိသင့်ပါတယ်။
အဲဒီအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပေးပြီး မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ပြပွဲတွေကို မကြာခဏ ပြုလုပ်ပေးတာတွေ၊ ရောင်းသူနဲ့ဝယ်သူချိတ်ဆက်ပေးတာတွေ ဆောင်ရွက်ပေးရင် ကုန်သွယ်မှုမြှင့်တင်ခြင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်"ဟု Hyun Yong Park က ပြောကြားခဲ့ပါတယ်။
Source: Myawaddy