Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ငှက်သိုက်များကို စင်ကာပူနိုင်ငံသို့ ထပ်မံတင်ပို့ ရောင်းချရန်ရှိ

တနင်္သာရီတိုင်း ဒေသကြီးမှ   ထွက်ရှိသည့်  ငှက်သိုက်များကို  စင်ကာပူနိုင်ငံသို့ ထပ်မံတင်ပို့ ရောင်းချရန်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရသည်။

ထိုသို့တင်ပို့ ရောင်းချရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အသုံးပြုခဲ့ပြီး ကျန်းမာရေးအတွက် သုံးစွဲမှု တွင်ကျယ်လာသော ငှက်သိုက်ကို အရည်အသွေးမြှင့်၍ ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ဈေးကွက် အားသာချက်၊  အားနည်းချက်များပေါ် မူတည်၍ ပြည်ပသို့  ထပ်မံတင်ပို့နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။

 

ငှက်သိုက်တွင် ငှက်သိုက်ဖြူနှင့် ငှက်သိုက်မည်းဟူ၍  နှစ်မျိုးရှိကာ စင်ကာပူနိုင်ငံသို့ ပထမဆုံး တင်ပို့သော ငှက်သိုက်သည်   ငှက်သိုက်မည်းဖြစ်ပြီး  တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ  ၄၇ဝ ခန့် ပေါက်ဈေးရှိကာ စုစုပေါင်း  ၃၈၈  ကီလိုဂရမ် တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၁၈၂၃၆ဝ ရရှိခဲ့ကြောင်း သိရသည်။

 

''ပြည်ပဈေးကွက်ထဲကို ပထမဆုံး တင်ပို့မှုအဖြစ်  ငှက်သိုက်မည်းကို တင်ပို့ခဲ့ပါတယ်။ဒီအမျိုးအစားက    ငှက်သိုက်တွေထဲမှာ ဈေးနှုန်းမြင့်ပါတယ်။ ဈေးကွက် အခြေအနေပေါ် မူတည်ပြီး ထပ်ပို့နိုင်အောင် လုပ်ဆောင်ပါမယ်။ အဓိကကတော့ ကော့သောင်းနဲ့ မြိတ်ကျွန်းစုဘက်က  ထွက်ရှိတဲ့ ငှက်သိုက်တွေကို စင်ကာပူနိုင်ငံကို တင်ပို့ရောင်းချမယ်။ အရင်ကတော့ သဘာဝငှက်သိုက်တွေ ထုတ်လုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်ငှက်အိမ်တွေ   တည်ဆောက်ပြီး ငှက်သိုက်ထုတ်လုပ်မှုတွေလည်း လုပ်လာကြပါတယ်'' ဟု  ဦးခင်မောင်လွင် ကပြောသည်။

 

ယင်းဒေသအတွင်းမှ ထွက်ရှိသော ငှက်သိုက်များကို  တရုတ်နိုင်ငံသို့သာ  တင်ပို့ရောင်းချလျက,်ရှိပြီး  လက်ရှိတွင်  ဈေးကွက်တိုးချဲ့မှု အနေဖြင့် စင်ကာပူနိုင်ငံသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ ယခုအခါ ကျောက်ဆောင်လိုဏ်ဂူများ အတွင်းရှိ ငှက်သိုက်များ စုဆောင်း သိမ်းဆည်းခြင်းကို   သစ်တောဦးစီးဌာနမှ  ပုဂ္ဂလိက လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ သိမ်းဆည်း လုပ်ကိုင်ခွင့်ပြုခဲ့ရာ  ငှက်သိုက်ထွက်ရှိသော   တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ   ကျွန်းအများ စုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။  

 

ငှက်သိုက်သည်  ဇီဝဇိုးငှက်များ  ဥဥရန်   အန်ဖတ်ဖြင့် ဆောက်လုပ်သည့် အသိုက်ဖြစ်ပြီး ယခင်က ပင်လယ်ကမ်းခြေ ကျောက်ဆောင်များနှင့် လိုဏ်ဂူများအတွင်း ရှာဖွေစုဆောင်း ခဲ့ရကြောင်း၊ ယခုနှစ်များအတွင်း  စီးပွားဖြစ်အနေဖြင့်  ကိုယ်ပိုင်ငှက်အိမ်များ  တည်ဆောက်၍ ငှက်သိုက်ထုတ်လုပ်မှုများ ပြုလုပ် လာကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Wednesday, 20 February 2019 11:37
Rate this item
(1 Vote)