Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ငရုတ်သီး တန်ချိန် ( ၄၀၀၀၀ ) ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်း

တရုတ်နဲ့ ထိုင်းနိုင်ငံမှ ငရုတ်သီးစိမ်းများကို ဈေးကောင်းပေးဝယ်ယူမှု မြင့်တက်လာတဲ့အတွက် ယခုနှစ်မှာ ငရုတ်သီးအစို၊

အခြောက် တန်ချိန် ( ၄၀၀၀၀ ) ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရပါတယ်။

 

၂၀၁၅ ခုနှစ်မှာ ပြည်ပကို ထောင်ဂဏန်းမျှသာ တင်ပို့ခဲ့ရာမှ ၂၀၁၆ ခုနှစ်မှ စတင်ကာ ပြည်ပတင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှာ ပြည်ပကို ငရုတ်တန်ချိန် ( ၁၂၀၀၀ ) ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှု မြင့်တက်နေခြင်းကြောင့် ငရုတ်တန်ချိန် ( ၄၀၀၀၀ ) ကျော်ထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ပြောပါတယ်။

 

လက်ရှိ ပြည်တွင်း ငရုတ်သီးအစိမ်း ဈေးနှုန်းမှာ ယခုနှစ်ဧပြီလမှ စတင်ကာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ဇွန်လ ( ၂၀ ) ရက်နေ့က တစ်ပိဿာကို ကျပ် ( ၈၀၀၀-၉၀၀၀ ) ထိ ဈေးကောင်းလာခဲ့ကြောင်း သိရပါတယ်။ လာမယ့် စက်တင်ဘာလထိ ငရုတ်သီး စိုက်ပျိုးရာသီဖြစ်တာကြောင့် ပြည်ပကို ပိုမိုတင်ပို့နိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

 

“လက်ရှိ ငရုတ်သီး ပေါက်ဈေးက တောင်သူတွေအတွက် တော်တော်အဆင်ပြေတယ်။ တစ်ခါမှ ဒီဈေးမျိုးမရဖူးဘူး။

 

အရင်က ငရုတ်ခြောက် အတောင့်လှလှမှ တစ်ပိဿာကို ကျပ် ( ၃၅၀၀ ) အများဆုံးရတာပါ။ ဒီနှစ်မှ ငရုတ်အစိုကို တစ်ပိဿာ ကျပ် ( ၈၀၀၀ ) ကျော် ဈေးရပါတယ်“ လို့ ငရုတ်စိုက်တောင်သူ ကိုကျော်ဆန်းက ပြောပါတယ်။

 

လက်ရှိ ပြည်တွင်းမှာ ငရုတ်သီးစိမ်းကို မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ စတဲ့ ဒေသများမှာ အဓိက စိုက်ပျိုးကာ တင်ပို့ကြပြီး ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားတင်ပို့မှုမှ ဒေါ်လာ ( ၂၂ ) သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဇွန်လ ( ၂၀ ) ရက်နေ့က ငရုတ်သီးအစို တစ်ပိဿာကို ကျပ် ( ၉၀၀၀ ) ကျော် ပေါက်ဈေးရှိကြောင်း၊ စံချိန်တင်ဈေးဖြင့် ဝယ်လိုအားကောင်းနေခြင်း ဖြစ်ကြောင်း ကူမဲမြို့ အေ၀မ်းပွဲရုံပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။

 

ထို့အပြင် ကူမဲမြို့ရှိ ပွဲရုံ ( ၂၀) ကျော်မှာတော့ နေ့စဉ် ကုန်ချိန်ပိဿာ ( ၁၀၀၀-၃၀၀၀ ) ထိ အဝယ်ရှိနေကြောင်း၊ ဒီလို စံချိန်တင်ဈေးနဲ့ ဘယ်အချိန်ထိ ဝယ်လိုအားကောင်းနေမလဲဆိုတာကတော့ ခန့်မှန်းရခက်ကြောင်း၊ မြန်မာ့ငရုတ်အစိုဈေး သမိုင်းမှာ စံချိန်တင် ဈေးရဖူးတာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

Source: The Farmer Myanmar

Read times Last modified on Sunday, 30 June 2019 19:24
Rate this item
(1 Vote)