Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ သစ်သီးဝလံအမည်သစ်များ တရားဝင်ပို့ခွင့်ရရန် ညှိနှိုင်း

တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရရှိထားတဲ့ သစ်သီးဝလံများအပြင် သစ်သီးဝလံအမည်အသစ်များ တရားဝင် တိုးချဲ့တင်ပို့နိုင်ရန်အတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရပါတယ်။

သစ်သီးဝလံ အမည်အသစ်များ တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တင်ပို့ခွင့်ရဖို့ ဆောင်ရွက်နေတဲ့ သစ်သီးဝလံ အမည်အသစ်များမှာ ငှက်ပျော၊ ထောပတ်၊ နာနတ်၊ ကျွဲကော၊ ရှောက်နဲ့ လိမ္မော်တို့ ဖြစ်ပါတယ်။

 

“တရားဝင်ရောင်းချနိုင်ဖို့ တောင်းဆိုထားတဲ့ သီးနှံတွေထဲက ငှက်ပျောနဲ့ နာနတ်သစ်သီး (၂) မျိုးကိုတော့ တရုတ်ဘက်က သတ်မှတ်တောင်းဆိုချက်တွေအတိုင်း မြန်မာဘက်က တင်ပြထားပါတယ်” လို့ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

 

အဆိုပါ သီးနှံ (၈) မျိုးထဲမှ ဖရဲသီး၊ သခွားမွှေး၊ သရက်နဲ့ ဆီးသီးတို့ကိုသာ နယ်စပ်မှတဆင့် တင်ပို့လျက်ရှိပေမယ့်လည်း လိုင်ချီးသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီးနဲ့ ဒူးရင်းသီးတို့ကိုတော့ ပြည်တွင်းမှာ စိုက်ပျိုးမှုမရှိတာကြောင့် မတင်ပို့နိုင်တော့ကြောင်း သစ်သီးဝလံကုန်သည်များက ပြောကြားချက်အရ သိရပါတယ်။

 

ဒါ့ပြင် မြန်မာနိုင်ငံဘက်က တရားဝင် တင်ပို့ခွင့်မရရှိသေးဘဲ တရားမဝင် တင်ပို့နေရတဲ့ နာနတ်သီးကို တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနက ဇွန်လအတွင်းက လုံးဝမဝယ်ယူဖို့ တားမြစ်လိုက်တာကြောင့် နာနတ်သီးစိုက်တောင်သူတွေမှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။


Read More >>>>>   မြန်မာ့ဆန်စပါး စံချိန်စံညွှန်းအတည်ပြုရန် နိုင်ငံတကာဆန်ဝယ်သူများထံ အကြံပြုချက်တောင်းခံထား

 

“ဒီနှစ်မှာ တရုတ်ဘက်က နာနတ်ဝယ်လိုအားကောင်းလာတဲ့အချိန်မှာ တင်သွင်းခွင့်ကို ပိတ်ချလိုက်တော့ အခက်အခဲဖြစ်နေကြတာ။ တရုတ်ဘက်ကို လုံးဝ မှီခိုနေတာထက်စာရင် တခြားထွက်ပေါက်တွေရှိလား စဉ်းစားရမှာ။ ကုန်ကြမ်းအနေနဲ့ပဲ သွားနေတော့ အဆင်မပြေတော့ဘူး။ သူများပြုသမျှနုရတာ” လို့ မူဆယ် (၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားပါတယ်။

 

နာနတ်သီးစိုက်တောင်သူများ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် နာနတ်သီး ပြန်လည်တင်ပို့ခွင့်ရရှိရန် တရုတ်အစိုးရနဲ့ ညှိနှိုင်းလျက်ရှိပေမယ့်လည်း လက်ရှိအချိန်အထိ အဆင်မပြေသေးကြောင်း ၎င်းကဆိုပါတယ်။

 

Source: The Voice

Read times Last modified on Tuesday, 13 August 2019 14:05
Rate this item
(1 Vote)