Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမည့် လက်လီ၊ လက်ကား နယ်ပယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမည့် အမိန့်ကြော်ငြာစာတစ်စောင်ကို စီးပွားရေးနှင့်

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကယခုနှစ် မေ ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

 

 

၎င်းမှာနိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများကို ပြည်တွင်း၌ လက်လီ၊ လက်ကား ရောင်းချခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။

 

 

ပြည်တွင်း၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအချို့သည် ပြည်တွင်းလုပ်ငန်းရှင်အချို့နှင့်ပူးပေါင်း၍ ဖက်စပ်လုပ်ငန်းများထူထောင်ပြီး လက်လီ၊ လက်ကားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်မှုများရှိနှင့်ပြီးဖြစ်ပါတယ်။

 

 

သို့သော် အစိုးရက လက်လီနှင့်လက်ကားရောင်းချရေး လုပ်ငန်းနယ်ပယ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ လက်လီ၊ လက်ကားရောင်းချခွင့်ဆိုင်ရာ လုပ်ငန်းစဉ်စည်းမျဉ်းစည်းကမ်းများကို သတ်သတ်မှတ်မှတ် ချမှတ်ပေးထားခြင်း မရှိခဲ့ပေ။

 

 

လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများကို လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် နှစ်လကျော်အကြာ ဇူလိုင် ၂၆ ရက်တွင် ဝန်ကြီးဌာနမှ လက်လီ၊ လက်ကားရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ် (Standing Operating Procedure – SOP) နှင့် နိုင်ငံခြားကုမ္ပဏီနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအတွက် ခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်း ၂၄ အုပ်စုစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

 

 

လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန်အတွက် ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ နိုင်ငံတကာအကြံပေးများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ စည်းမျဉ်းစည်းကမ်းများ ထွက်ရှိလာခြင်းဖြစ်ပြီး ယခုထုတ်ပြန်သော စည်းမျဉ်း၊ စည်းကမ်းများကို ပြီးပြည့်စုံသည်ဟု မဆိုလိုဘဲ လိုအပ်ချက်များရှိပါက လိုအပ်ချက်နှင့်အညီ ပြင်ဆင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

 

 

ယခုအခါတွင်မူ အစိုးရသည် လက်လီ၊ လက်ကားရောင်းချခွင့်အား ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီအနေဖြင့် အပြည့်အဝဆောင်ရွက်နိုင်သလို မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့်ကုမ္ပဏီကလည်း ဆောင်ရွက်နိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

 

ကြေညာချက်တွင် ဖော်ပြထားမှု

လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးသူများအကြား မျှတသော ယှဉ်ပြိုင်မှုတိုးတက်စေခြင်းအားဖြင့် စားသုံးသူများအတွက် ဈေးနှုန်းလျော့ကျပြီး ရွေးချယ်ခွင့် ပိုမိုရရှိလာစေရန်၊ ကုန်ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးနှင့် နည်းပညာတိုးတက်စေရန်၊ ပြည်တွင်းထုတ်ကုန်ဈေးကွက် ပိုမိုရရှိ၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံခြားကုမ္ပဏီများ လက်လီ၊ လက်ကားရောင်းချခြင်းကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

 

 

နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီတို့သည် ပြည်တွင်းထုတ်ကုန်ပစ္စည်းနှင့် ပြည်ပမှ တင်သွင်းကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းချဖြန့်ဖြူးနိုင်မည်ဖြစ်ပါတယ်။

 

 

လက်လီ၊ လက်ကားရောင်းချမှုလုပ်ငန်းများတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခွင့်ပြုလိုက်ခြင်းကြောင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်မှုများရှိလာရန် ဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။

 

 

သို့သော် ထိုသို့ခွင့်ပြုလိုက်ခြင်းကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုရှိလာနိုင်သည့်အတွက် ပြည်တွင်းစီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်အချို့က စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

 

 

''ဥပဒေလုပ်ထုံးလုပ်နည်းအသစ်တစ်ခု ထွက်တယ်ဆိုရင် အမြဲတမ်း ဘယ်သူမဆို ကိုယ်နဲ့ ဘယ်လိုသက်ဆိုင်မလဲ၊ ကိုယ်ဘယ်လိုပါမလဲဆိုတာကတော့ စိုးရိမ်ပူပန်မှုတွေရှိတာပဲ။ အရေးကြီးတာက စည်းမျဉ်းစည်းကမ်းနဲ့ထိန်းဖို့ပဲ လိုတာပေါ့။ စည်းကမ်းထိန်းတဲ့အဖွဲ့က ထိန်းနိုင်တယ်ဆိုရင် ဒါတွေက ဘာမှသိပ်ပြီးစိုးရိမ်ပူပန်စရာ မရှိပါဘူး''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားခဲ့ပါတယ်။

 

 

အကြံပြုတင်ပြချက်

ဇူလိုင် ၃ဝ ရက်တွင် ပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်လီ၊ လက်ကား ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြရှင်းလင်းပွဲတွင် ပြည်တွင်းကုန်ပစ္စည်းထုတ်လုပ်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်မည့် လက်လီ၊ လက်ကား ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပြည်တွင်းထုတ်ကုန်များအတွက် ပမာဏသတ်မှတ်ချက်တစ်ခုဖြင့် မဖြစ်မနေ ရောင်းချပေးရန်အတွက် သတ်မှတ်ချက်ထားရှိရန် လိုအပ်သည်ဟု UMFCCI မှ တာဝန်ရှိသူများက ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခဲ့ပါတယ်။

 

 

''SME ဖွံ့ဖြိုးတိုးတက်မှုလုပ်နေတဲ့အပိုင်းမှာ ဒီလိုတားမြစ်ချက်၊ ကန့်သတ်ချက်၊ သတ်မှတ်ချက် မရှိဘူးဆိုရင် ကျွန်တော်တို့ ပြည်တွင်း SME တွေအတွက် အင်မတန်စိုးရိမ်စရာရှိတယ်''ဟု မြန်မာနိုင်ငံ ကုန်သည်/ စက်မှုအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးအေးဟန်က ပြောကြားခဲ့ပါတယ်။

 

 

''စက်မှုကဏ္ဍ၊ SME ကဏ္ဍကို အရင်ဆုံးခိုင်မာအောင်လုပ်ဖို့ လိုနေတယ်။ နို့မို့ဆိုရင် သွင်းကုန်ကိုပဲ အားကိုးရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သွားမှာစိုးလို့ ဘက်စုံကို ခြုံငုံသုံးသပ်ပြီးတော့ လုပ်သင့်တယ်လို့တော့ ထင်တယ်''ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်မှ ဒုတိယဥက္ကဌဦးဝေဖြိုးက မှတ်ချက်ပေးခဲ့ပါတယ်။

 

 

သတ်မှတ်ချက်များ

နိုင်ငံခြားကုမ္ပဏီနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရမည့် အနည်းဆုံး ငွေကြေးပမာဏကို သတ်မှတ်ထုတ်ပြန်ထားပြီး ကုန်ပစ္စည်းရောင်းချမည့်ဆိုင်တစ်ဆိုင်၏ အကျယ်အဝန်းသည် စတုရန်းမီတာ ၉၂၉ အထက် ရှိရမည်ဟု သတ်မှတ်ထားပါတယ်။

 

 

လက်ရှိ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များသည် အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနည်းသလို ပြည်ပလုပ်ငန်းများဝင်ရောက်ရာတွင် လွယ်ကူမည့်အနေအထားဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

 

 

''စတုရန်းမီတာ ၉၂၉ အကျယ်အောက်ဖြစ်နေတဲ့ ဆိုင်သေးတွေ၊ Convenience Store တို့ကို ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားတယ်။ ဒါတွေက ကောင်းတဲ့အချက်ပါ။ SME ထွက်ကုန်ပစ္စည်းတွေကို တင်ပေးနိုင်ဖို့လည်းအရေးကြီးတယ်။ အဲဒါကို SOP (လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်) ထဲမှာ ထည့်ပေးဖို့လိုတာပေါ့''ဟု မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌဦးမျိုးမင်းအောင်က ပြောကြားခဲ့ပါတယ်။

 

 

လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အပြည့်အဝပါဝင်နိုင်ခွင့်ပြုပြီး နောက်တွင် ဂျပန်နှင့်ထိုင်းမှ ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်ကြီးများမှာ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

 

Source: Myanmar Time

 

Read times Last modified on Tuesday, 18 September 2018 10:21
Rate this item
(3 votes)