Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ်အတွင်း အခြေခံ စားသောက်ကုန်များ၏ ဈေးကွက် သုံးသပ်ချက်

ဒီတစ်ပတ်မှာတော့ ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ မတ်ပဲ (FAQ/RC)၊ ပဲစင်းငုံနီ၊ ကုလားပဲ၊ ထောပတ်ပဲ၊ အာလူး၊

ကြက်သွန်နီတို့ရဲ့ ဈေးနှုန်း အတက်အကျတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ရုတ်တရက် ဈေးကျဆင်းသွားပါတယ်။အိန္ဒိယနိုင်ငံ တရားရုံးက မတ်ပဲနဲ့ ပဲစင်းငုံနီကို ပြည်ပက ဝယ်ယူခွင့်ပါမစ်  ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလိုရုတ်တရက် ဈေးထိုးကျ သွားတာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံက   အထက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး   တရားဝင်ထုတ်ပြန် ကြေညာမှု မလုပ်သေးပေမယ့် တရားရုံးရဲ့ ထုတ်ပြန်ချက်ကိုတော့ ကြေညာထားပါတယ်။

 

အိန္ဒိယနိုင်ငံတောင်သူတွေက ပြည်ပကနေ ပဲမဝယ်ယူရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အဆိုပါ ဆုံးဖြတ်ချက်ကို   ချမှတ်လိုက်ရတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

မတ်ပဲကတော့  လက်ရှိအခြေအနေမှာ ဈေးကျဆင်းနေပေမယ့် နောက်ဖြစ်ပေါ်လာမယ့် အခြေအနေကိုတော့ မခန့်မှန်းနိုင်အောင် ဖြစ်နေပါတယ်။တစ်ပတ်အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲတစ်တန်ကို ငွေကျပ် တစ်သိန်းလောက် ဈေးကျဆင်းသွားပြီး တစ်တန်ကို ငွေကျပ် ခြောက်သိန်းကျော်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲတစ်တင်းကို ငွေကျပ် ၂ဝဝဝဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ငွေကျပ် ၂၇၅ဝ ဈေး ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့  တစ်တင်းကို  ငွေကျပ် ၂၃ဝဝဝ နဲ့ ငွေကျပ် ၅ဝဝ ဈေးကျဆင်းသွားပါတယ်။

 

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။အိန္ဒိယတရားရုံးရဲ့ ကြေညာချက်မှာ ပဲစင်းငုံနီလည်း ပါဝင်တာကြောင့် ဈေးကျဆင်းသွားပါတယ်။ပဲစင်းငုံနီက ဈေးကျဆင်းတယ် ဆိုပေမယ့် မတ်ပဲလောက် အဆိုးရွားဆုံး ကျဆင်းတာ မဟုတ်တဲ့အတွက်  အနည်းငယ် ခံသာသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

ဒါ့ပြင် အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု အခြေအနေက မကောင်းတဲ့အတွက် ပဲစင်းငုံနီ လိုအပ်ချက် ရှိမယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့် အိန္ဒိယနိုင်ငံက ကုန်ဝယ်ယူခွင့် ဘယ်လောက်ပဲ ပိတ်ပိတ် ခဏခဏပြောင်းလဲနေတဲ့ မူဝါဒသစ်တွေကြောင့်  အခြေအနေက မျှော်လင့်သလို မကောင်းပေမယ့်လည်း မဆိုးရွားနိုင်ဘူးလို့ သုံးသပ်ရပါတယ်။

 

ပဲစင်းငုံနီကို အိန္ဒိယအပြင် တခြားနိုင်ငံတွေကလည်း အဝယ်ရှိတဲ့အတွက် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် လေးသောင်းကျော်လောက်သာ ဈေးကျဆင်း ခဲ့ပါတယ်။ မတ်ပဲနဲ့ယှဉ်ရင် ဈေးအတော် ရနေပါတယ်။

 

မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီ တစ်တင်းကို ငွေကျပ် ၂၆ဝဝဝ နဲ့ ငွေကျပ် ၁၅ဝဝ ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့    တစ်တင်းကို ငွေကျပ် ၂၆၄ဝဝ နဲ့ ငွေကျပ်၁ဝဝဝ လောက် ဈေးကျဆင်းသွားပါတယ်။

 

ပြည်ကုန်စည်ဒိုင်မှာတော့  တစ်တင်းကို  ငွေကျပ် ၂၆၅ဝဝ နဲ့ ငွေကျပ်  ၁၃ဝဝ  ဈေးကျဆင်းသွားပါတယ်။

 

ကုလားပဲ

ပြီးခဲ့တဲ့ တစ်ပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျသွားပါတယ်။  ကုလားပဲကလည်း အိန္ဒိယနိုင်ငံကို  တင်ပို့မှုရှိနေတာ ဖြစ်တဲ့အတွက် သက်ရောက်မှုကတော့ အနည်းငယ် ရှိပါတယ်။

 

မုံရွာကုန်စည်ဒိုင်မှာ    ကုလားပဲလုံးဝါ (ကြီး၊သေး)  တစ်တင်းကို ငွေကျပ် ၂၁၅ဝဝ ကနေ  ငွေကျပ် ၂၃ဝဝဝ  ရှိပြီး  ငွေကျပ် ၁၅ဝဝ  ဈေးကျဆင်း သွားပါတယ်။ ကုလားပဲလုံးဖြူ (ကြီး၊သေး) ကတော့ တစ်တင်းကို ငွေကျပ် ၂၃၅ဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးကျဆင်းသွားပါတယ်။

 

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ငွေကျပ် ၂၂၈ဝဝ ရှိပြီး ငွေကျပ် ၃ဝဝ ဈေးတက်လာပါတယ်။  ကုလားပဲလုံးဖြူကြီးကတော့  တစ်တင်းကို ငွေကျပ် ၁၁၉၅ဝ ရှိပြီး  ငွေကျပ် ၅ဝဝ ဈေးကျဆင်းသွားပါတယ်။

 

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီး  တစ်တင်းကို ငွေကျပ် ၂၃၂၅ဝ ရှိပြီး ငွေကျပ် ၂၅ဝ ဈေး ကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ငွေကျပ် ၂၃၅ဝဝ ရှိပြီး ငွေကျပ် ၇ဝဝ ဈေးတက်လာပါတယ်။

 

ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ  တစ်တင်းကို ငွေကျပ် ၂၆ဝဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ငွေကျပ် ၂၄ဝဝဝ ရှိပြီး ငွေကျပ် ၁၅ဝဝ ဈေးကျဆင်းသွားပါတယ်။

 

ထောပတ်ပဲ

ထောပတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း  ထောပတ်ပဲသစ်တွေ    ဝင်လာပြီဖြစ်တဲ့ အတွက် ဈေးကျဆင်းသွားတာဖြစ်ပါတယ်။

 

မုံရွာကုန်စည်ဒိုင်မှာ ထောပတ်ပဲတစ်တင်းကို  ငွေကျပ် ၅ဝဝဝ လောက် ဈေးကျဆင်းသွားပြီး တစ်တင်းကို ငွေကျပ် ၃၅ဝဝဝ ပေါက်ဈေးရှိပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ် ၃၁၉၅ဝ ရှိပြီး ငွေကျပ် ၁ဝဝဝ ကျော် ဈေးတက်လာပါတယ်။    အသစ်က ဈေးကျဆင်းနေပြီး လက်ကျန်မရှိတဲ့အဟောင်းကတော့  ဈေးကောင်းရနေပါတယ်။

 

အာလူး

အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပြည်တွင်းမှာ လက်ကျန်မရှိသလောက် နည်းသွားတဲ့အတွက် ဈေးတက်လာတာဖြစ်ပါတယ်။ လက်ရှိဈေးကွက်အတွင်းမှာ  တရုတ်နိုင်ငံကဝင်လာတဲ့  အာလူးကိုသာ အရောင်းအဝယ်လုပ်နေတာ တွေ့ရပါတယ်။လက်ကျန်နည်းသွားတဲ့အတွက် ဈေးအများကြီး တက်လာလို့ တရုတ်နိုင်ငံက ဝင်လာတဲ့  ဈေးသက်သာတဲ့ အာလူးကို အဓိကရောင်းချနေပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ အောင်ပန်းအာလူးတစ်ပိဿာကို ငွေကျပ် ၁ဝဝဝ ကျော်ဈေးရှိပြီး တရုတ်အာလူးကတော့ တစ်ပိဿာကို အမြင့်ဆုံး ငွေကျပ် ၇၈ဝ ရှိနေပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့လကတည်းက  ဈေးဆက်တိုက် ကျဆင်းနေတာဖြစ်ပါတယ်။  အသစ်တွေ  ဆက်တိုက်ဝင်လာတဲ့ အတွက် ကြက်သွန်နီက ဈေးမတက်နိုင်တဲ့ အခြေအနေဖြစ်ပြီး ဝယ်လိုအားကလည်း ဝင်သလောက် မရောင်းရတဲ့အတွက်   ဈေးကျဆင်းနေတာဖြစ်ပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ   တစ်လအတွင်း  ကြက်သွန်နီတစ်ပိဿာကို  ငွေကျပ်  ၃ဝဝ ကျော် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်အများဆုံး ထွက်ရှိတဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ငွေကျပ် ၁ဝဝ ကနေ ငွေကျပ် ၄၄ဝ ရှိပြီး  တစ်လအတွင်း တစ်ပိဿာကို ငွေကျပ် ၃၅ဝ ဈေး ကျဆင်းသွားပါတယ်။

 

မြင်းခြံကုန်စည်ဒိုင်မှာလည်း ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁၅ဝ ကနေ ငွေကျပ် ၅ဝဝ ရှိပြီး တစ်ပိဿာကို ငွေကျပ် ၁၅ဝ ဈေးကျဆင်းသွားပါတယ်။

 

Source: Myawaddy

Read times
Rate this item
(2 votes)