Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်၌ ငါးခြောက် အရည်အသွေးနှင့် ဝယ်လိုအား နည်းခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းနေ

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ငါးခြောက်ဈေးကွက်၌ အရည်အသွေးနှင့် ဝယ်လိုအား နည်းခြင်းကြောင့် ငါးခြောက်ဈေးနှုန်းများ ကျဆင်းနေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ နဒီဧရာပွဲရုံပိုင်ရှင် ဦးဇော်ဇော်မြင့်၏ ပြောပြချက်အရ သိရသည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်၌ ယခုလဆန်း တွင် ငါးနီတူ တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝဝ ခန့်မှ ငွေကျပ် ၆ဝဝဝ အထိ ငွေကျပ် ၁၅ဝဝ ဈေးကျဆင်းနေပြီး အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ မှ ငွေကျပ် ၇ဝဝဝ အထိ  ဈေးကျဆင်းလျက်ရှိသည်။

 

ထို့ပြင် ငါးသေတ္တာငါး   အသေး တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ငွေကျပ်  ၂၅ဝဝ၊ ငါး သေတ္တာ ငါးအကြီး တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ မှ ငွေကျပ် ၃ဝဝဝ၊ ငါးလသာအချို တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ မှ ငွေကျပ် ၄ဝဝဝ အထိ ဈေးကျဆင်းနေကာ  ယခုလ ဆန်းပိုင်းကထက် ငွေကျပ် ၅ဝဝ ဝန်းကျင် ဈေးကျဆင်းနေကြောင်း သိရသည်။

 

''ငါးခြောက်အရည်အသွေးတွေ  ကျတဲ့အပြင်  ဈေးကွက်ထဲ  ငါးခြောက်အဝင်များတော့ ဈေးကျပြီး  အရောင်းလည်း အေးနေတယ်''  ဟု  ဦးဇော်ဇော်မြင့်ကပြောသည်။

 

လတ်တလောတွင် ငါးခြောက်ဝယ်ယူသူ နည်းပါးလာသဖြင့် ငါးခြောက်ဈေးကွက် အေး နေသည့်အပြင် ရန်ကုန်ဈေးကွက်အတွင်းသို့ ငါးခြောက်ဝင်ရောက်မှုမှာ ယခင်လကထက် ပိုများလာကြောင်း သိရသည်။

 

''အရင်ကထက်စာရင် ငါးနီတူက သုံးပုံနှစ်ပုံလောက်  အဝင်တိုးလာတယ်။  အာပဲ့ ခြောက်လည်း အဝင်နည်းနည်း တိုးလာတယ်။ ဈေးက   တအားကြီး ကျဆင်းဖို့ မရှိပါဘူး။ ပစ္စည်းအရည်အသွေးကောင်းရင် ထိန်းပြီး ရောင်းလို့ရတယ်'' ဟု ဦးဇော်ဇော်မြင့်က ပြောသည်။

 

ပြည်တွင်းရှိ ငါးခြောက်ဈေးကွက်သည် အလှူအတန်း အများဆုံးပြုလုပ်သည့် လများတွင် အရောင်းသွက်ကာ ယခုနှစ်တွင် ယမန် နှစ်ကထက် ဈေးကွက်အေးနေကြောင်း သိရသည်။

 

ရန်ကုန်ဈေးကွက်သို့   အဓိကအားဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ငါးခြောက်များ ဝင်ရောက်လျက်ရှိကာ ရခိုင်ပြည်နယ်မှ အနည်းငယ်သာ ဝင်ရောက်ကြောင်း သိရသည်။  

 

Source: Myawaddy

Read times
Rate this item
(3 votes)