Food & Livestock
ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်ရေး ရေတို၊ ရေရှည် အစီအစဉ်များ ချမှတ်ဆောင်ရွက်မည်
ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်ရေးအတွက် ရေတို၊ ရေရှည်အစီအစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း
အတွင်းရေးမှူး ဦးမင်းကိုဦးက “ပဲလုပ်ငန်း ရေတိုအတွက်ဆိုရင် နိုင်ငံတော်နဲ့အသင်း ပူးပေါင်းပြီးတော့ တစ်ခုခုနဲ့ ပဲဝယ်နိုင်ဖို့ စီမံဆောင်ရွက်ဖို့အပြင် ရေရှည်အတွက်ဆိုရင် ကာလတိုချေးငွေလုပ်နိုင်ဖို့နဲ့ အစားထိုးသီးနှံတွေ စိုက်ပျိုးတာဘဲဖြစ်တယ်” ဟု ပြောသည်။
ရေရှည်လုပ်ငန်းစဉ်များတွင် ပြည်ပ ဈေးကွက်ရှာဖွေခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မှုစနစ်ဖြင့် ဈေးကွက်သစ်နိုင်ငံများရရှိအောင် ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးကောင်းမွန်သောဒေသများတွင် သိုလှောင်ရုံများ တည်ထောင်ပြီး သီးနှံ အာမခံစနစ်မျိုးထားရှိခြင်း၊ အစားထိုးသီးနှံ မျိုးကောင်းမျိုးသန့် တစ်နိုင်ငံလုံးဖြန့်ဖြူးခြင်း စသည်တို့ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ယခင်နှစ် သြဂုတ်လက ပဲနှင့် ပတ်သက်သည့် ဖိုရမ်တွင် မတ်ပဲ၊ ပဲစင်းငုံ လျှော့ချစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ကြသော်လည်း မတ်ပဲမစိုက်မီ အချိန်ကာလအတွင်း ဈေးနှုန်းပြန်လည်ကောင်းမွန်လာ၍ တောင်သူများမှ အနည်းငယ်သာ လျှော့ချစိုက်ပျိုးခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ပဲစိုက် ရာသီအတွင်း ၈၀ ရာခိုင်နှုန်းခန့်အထိ စိုက်ပျိုးမှုရှိနေခြင်းကြောင့် တန်ချိန်ငါးသိန်းကျော် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက”ပဲမျိုးစုံကို ပို့ကုန်မဟာဗျူဟာမှာလည်း ထည့်သွင်းရေးဆွဲဆောင်ရွက်နေတယ်။ ပဲက ပြည်တွင်းစားသုံးမှုနည်းပြီးတော့ ပြည်ပကိုဘဲ အဓိထားပို့တော့ ပဲတင်သွင်းမှုတွေအပေါ် အိန္ဒိယ က ကန့်သတ်တာကြောင့် ရေတို၊ ရေရှည်ဆောင်ရွက်မယ့် လုပ်ငန်းအစီစဉ်တွေ လိုအပ်လာတယ်”ဟု ပြောသည်။
Read More >>>>> ပြည်ပဆန်တင်ပို့မှု လျော့ကျမည်
ပြည်တွင်းတွင် မတ်ပဲတန်ချိန်သုံးသိန်းမှ လေးသိန်းအထိသာ ဈေးကွက်ထိန်းချုပ်နိုင်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၂ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့အပါအ၀င် ပဲမျိုးစုံအား တင်ပို့နိုင်ရေးအတွက် ပဲတင်သွင်းမှု မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးစေလိုကြောင်း၊ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် နောင်လာမည့်နှစ်များတွင်လည်း ပဲများ ဆက်လက် တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာ့မတ်ပဲတန်ချိန်လေးသိန်း ကိုတာစနစ်ဖြင့် ၀ယ်ယူပေးရန်၊ တင်သွင်းမည့် တန်ချိန်ပမာဏကို ယခင်နှစ်က အတိုင်း သုံးလတည်းသာ မသတ်မှတ်ဘဲ တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးရန်၊ တင်သွင်းခွင့်ပြုမည့်ပမာဏကို စောလျင်စွာ ကြေညာပေးရန်နှင့် ၀ယ်ယူပေးမည်ဆိုလျှင် မြန်မာ့ပဲထွက်ချိန်ဖြစ်သည့် မတ်လအတွင်း ကြေညာပေးရန် စသည့်အချက်များ တောင်းဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်ကနေ အလွန်ကောင်းမွန်တဲ့ အချက်သုံးချက်တောင်းဆို နိုင်ခဲ့တယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သုံးမျိုးလုံး ပုံမှန်ပြန်လည်တင်ပို့နိုင်ရေးနဲ့ ကိုတာစနစ်နဲ့ တန်ချိန်လေးသိန်းပေးရေးပါဘဲ။ တင်သွင်းမယ့်အချိန် တစ်နှစ်ရရင် ပုံမှန်ဈေးကွက်အနေအထားကို ကြည့်ပြီး ရောင်းနိုင်မှာပါ။ ပဲပေါ်ချိန် ကြေညာချက်ထွက်ပေးမယ်ဆိုရင် လယ်သမားတွေအတွက် ဈေးကောင်းရနိုင်တဲ့အခွင့်အလမ်းရမှာ ဖြစ်တယ်။
တစ်ဘက်က သက်ဆိုင်ရာ အိန္ဒိယတာဝန်ရှိသူတွေကလည်း လိုလားတဲ့ အပြုသဘောမျိုးရထားတယ်”ဟုAyar Thukhasan Pules and Beans Trading Co.,LTd မှ ဒါရိုက်တာ (ဟောင်း) ဦးကျော်ထက်က ပြောသည်။
အိန္ဒိယတရားရုံးခွင့်ပြုချက်ဖြင့် တင်သွင်းနေသည့် မတ်ပဲနှင့် ပဲစင်းငုံတို့အား အိန္ဒိယအကောက်ခွန်ဌာနမှ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်းပဲဈေးနှုန်းကျဆင်းလာမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏လုပ်ငန်းအစည်း
အဝေးကို ဖေဖော်ဝါရီလ ၉ ရက်က ပြုလုပ်ခဲ့သည်။
၂၀၁၈-၂၀၁၉ ပဲစိုက်ရာသီအတွင်းမှာ ပဲစင်းငုံ စိုက်ဧက ၂၀၊ ၂၅ ရာခိုင်နှုန်းခန့်သာ အများဆုံး စိုက်ပျိုးထားသည့်အတွက် တန်ချိန်လျော့နည်းထွက်ရှိနိုင်ပြီး မတ်ပဲမှာ ၈၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားသည့်အတွက် အများဆုံး တန်ချိန် လေးသိန်းကျော်ခန့်သာ ထွက်ရှိနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။
မတ်ပဲကို ဆောင်းရာသီကာလ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စိုက်ပြီး မတ်လနှင့် ဧပြီလတွင် ထွက်ရှိကြောင်း၊ ပဲစင်းငုံသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁၃ သိန်းကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအထိ မြန်မာ့ပဲမျိုးစုံတန်ချိန် ၁၁သိန်းနီးပါးအထိ တင်ပို့ထားသည်။
Source: The Farmer Journal